ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ မွန်းလွဲ တစ်နာရီခန့်ကဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်တို့အကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးကာ KNDF တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ထူလွှီးဘီလာနှင့် ပဒုံငံကျေးရွာအနီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသောကြောင့် လေးနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတပ်က စစ်ကြောင်းတွေ ဖြန့်ပြီးမှ ခြေတော်ရာဆိုတဲ့ သဲသောင် ရှိတယ်။ အဲ့ဒီနေရာမှ ထိုးစစ်ဆင်လာပြီးတော့ အဲ့မှာရှိတဲ့ KNDF တပ်ရင်း ၁၉ နဲ့ KA တွေ့ကြပြီးတော့မှ တိုက်ပွဲဖြစ်ပွားတာ။ သူတို့ဘက်က ၂၀ ကျတယ်။ ကျွန်တော်တို့ဘက်ကတော့ တစ်ဦး ကျတာ” ဟု သူကပြောသည်။

ကျဆုံးသွားသော KNDF တပ်ဖွဲ့ဝင်သည် မည်သူမည်ဝါဖြစ်ကြောင်းကိုမူ လုံခြုံရေးကြောင့် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါ။

စစ်ကောင်စီစစ်ကြောင်းသည် ဒီးမော့ဆိုမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ ဗျူဟာမြောက်သောနေရာများသို့ စစ်အင်အားဖြည့်တင်းနေကြောင်း KNDF က ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ်၊ ထူးလွီးဘီလာကျေးရွာ ခြေရာတော်ဘုရားတောင်အနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၆ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ (KNDF) ပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ပုံ/ စစ်ကောင်စီတပ်သားများ။ (Photo – AFP)

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ