တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရှိ ရဲစခန်းနှင့် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ပြန်လည်စစ်ကြောင်းထိုးနေကြောင်း သိရသည်။

အင်အား ၅၀ ကျော်ခန့် တပ်စွဲထားသော ကံထူးမကျေးရွာအတွင်းရှိ စစ်ကောင်စီပူးပေါင်းစခန်းများကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယမန့်နေညနေ သုံးနာရီခန့်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့နံနက် ၇ နာရီခန့်တွင် အပြီးသိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်ရမိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက The 74 Media ကိုပြောသည်။

“ကံထူးမကိုတော့ သိမ်းနိုင်သွားပါပြီ။ ရဲစခန်းထိုင်ထားတာ စခန်းကိုပါသိမ်းလိုက်တော့။ အလုံးစုံလင်းရှင်းရေး မဝင်ရသေးတာတောင်မှ လက်နက်ခဲယမ်းတွေရော ရသင့်သလောက်ရနေပါပြီ။ စစ်ကောင်စီတွေလည်း အဲ့ရွာထဲမှာရှိတဲ့သူအကုန်လုံးတော့ ကျဆုံးပြီလို့တော့ထင်ရတာပါ့။ ပုန်းနေတာတို့ ဘာတို့မကျန်ရင်ပေါ့” ဟုပြောသည်။

တန့်ဆည်မြို့နှင့် ရှစ်မိုင်ခန့်အကွာတွင်တည်ရှိသည့် ကံထူးမရွာကို လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများနှင့် မြေပြင်စစ်ကြောင်းများဖြင့် ပြန်လည်ထိုးစစ်ဆင်နေသောကြောင့် နယ်မြေရှင်းလင်းရေးမလုပ်ဆောင်နိုင်သေးဘဲ စခန်းကိုသာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကံထူးမကိုသိမ်းတယ်ဆိုတာမှန်ပါတယ်။ ဖိုက်တာပစ်နေတာ ညကပွဲဖြစ်ဖြစ်ခြင်း တစ်ခေါက်ရယ် အခုဒီမနက်ကတော့ ဆယ်ခေါက်လောက်ရှိပြီ။ ရှင်းလင်းရေးတော့ မလုပ်သေးဘူးဗျာ သူတို့(စစ်ကောင်စီ) တန့်ဆည်စစ်ကြောင်းနဲ့ ရေဦးစစ်ကြောင်းက ဒီဘက်ကိုရောက်နေတာ လေကြောင်းလည်းဝဲနေတာ” ဟုပြောသည်။

အဆိုပါတိုက်ပွဲတွင် တန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ရွှေဘိုခရိုင်တပ်ရင်း (ရင်း – ၁၊ ရင်း – ၂) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်ပြီး အတိအကျမသိနိုင်သေးသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရရှိထားကြောင်း ကနဦးသိရသည်။

ကံထူးမကျေးရွာနှင့် အနီးရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံပြည်သူ ၅၀၀၀ ကျော်မှာလည်း တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပါ။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ