ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် ယမန်နေ့ နေ့လယ်နှစ်နာရီခွဲခန့်က ကျောတွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

သာယာကုန်းကျေးရွာ အထွက်လမ်းတွင်သေဆုံးနေသည့် အမျိုးသားကို ဇနီးဖြစ်သူက ဆိုင်ကယ်မတော်တဆမှုဖြစ်ခဲ့သည်ဟုဆိုကာ ဆေးရုံသို့ပို့ဆောင်ချိန် သေဆုံးနေသည်ကို သိရှိခဲ့ရသည်ဟု လုံးခင်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်တယ်ဆိုပြီး ဆေးရုံကို ခေါ်သွားတာ၊ ဖြစ်တာကတော့ အိမ်နီးနားချင်းက သွားတွေ့တာ ရွာကအခင်းပေါ့ လူပြတ်တယ်အဲဒီနေရာက။ သူ့ယောကျာ်းက ဆိုင်ကယ်မှောက်နေတယ်ဆိုပြီး ဆေးရုံကို ပို့ပေးလိုက်တာ၊ ဟိုရောက်မှ ဆေးရုံက အသက်မရှိတော့ဘူးလို့‌ပြောတာ” ဟု ပြောသည်။

သေဆုံးသူမှာ အသက် (၅၉) နှစ်အရွယ် ဦးချစ်သန်းဆိုသူဖြစ်ပြီး ကျောတွင်ဓါးထိုးဒဏ်ရာ သုံးချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“အလောင်းကို ရေချိုးပေးဖို့ အင်္ကျီချွတ်လိုက်တော့မှာ သူကအက်ဆီးဒင့်မဟုတ်ဘူးဆိုတာ သိရတာပေါ့။ ချွန်ထက်တဲ့အရာနဲ့ ထိုးထားတဲ့ အပေါက်သုံးပေါက်ဖြစ်နေတာ။ ဖုန်းတွေရောပါသွားတယ်။ ကျောက်စိမ်းရောနှစ်လုံးပါသွားတာပေါ့။ ဆိုင်ကယ်ကတော့ အလုမခံရဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်တွင် အသက် ၂၇ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတွေရှိခဲ့သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ