ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား ဖားကန့်မြို့ တံတားညီနောင်ကျေးရွာအနီးတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ဖားကန့်မြို့မှ ဆင်းလာသည့် တပ်မ (၈၈) စစ်ကောင်စီစစ်ကြောင်းနှင့် KIA နှင့် KPDF ပူးပေါင်းတပ်တို့ကြား ယမန်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆိုင်းဖရာကျေးရွာမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲအခြေအနေက ဘယ်လိုလဲတော့ မသိဘူး။ စစ်ကြောင်းတွေက ထွက်လာတာလည်းမရှိဘူး။ အဲ့တိုက်ပွဲဖြစ်တဲ့နေရာမှာချည်းပဲ။ မနေ့ကလည်းတစ်ညလုံး။ အခုဒီမနက်ရော။ တစ်နေရာမှာပဲ သူတို့က။ အသံက အဲ့လိုမျိုးပဲကြားနေရတာလေ” ဟုပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားနေရပြီး တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အနီးအနားရှိ ကျေးရွာမှ ဒေသခံပြည်သူများက နီးစပ်ရာဘုရားကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးကပြောသည်။

”ပစ်နေတုန်း တိုက်ပွဲဖြစ်နေတုန်းပဲ။ အခြေအနေက လမ်းမှာလူလည်းမရှိတော့ဘူး။ ရွာမှာလည်းမရှိတော့ဘူး ” ဟုပြောသည်။

အဆိုပါတိုက်ပွဲကြောင့် ဖားကန့် – နန့်ယားလမ်းတစ်လျှောက် လမ်းပိတ်ထားပြီး တံတားညီနောင်ကျေးရွာ၊ ဆိုင်းဖရာကျေးရွာ၊ ခွန်ဆိုင်ယန်ကျေးရွာ၊ ဂေါ်လူယန်ကျေးရွာနှင့် ကပ်မှော်ဇွပ်ကျေးရွာတို့မှ အိမ်ထောင်စု ၇၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ကလည်း ဖားကန့်မြို့၊ ပျားအုံကျေးရွာအနီးတွင် ဓားစာခံများခေါ်ဆောင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် KPDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ပြည်သူ အမျိုးသမီးသေဆုံးခဲ့ပြီး အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – ယုစံ

သင့်ထင်မြင်ချက်ရေးပေးပါ