မြစ်ကြီးနားမှတနိုင်း၊ ဖားကန့်မြို့သို့ သွားလာသူများနှင့် လီဒိုလမ်းအသုံးပြုသည့် ခရီးသွားပြည်သူများအနေဖြင့် သတ်မှတ်ချိန်အတွင်းသာ သွားလာကြရန် ကချင်လွတ်မြောက်ရေးတပ် (KIA) က ထပ်မံသတိပေးလိုက်သည်။
ယခင်နှစ် ဇွန်လအတွင်း ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ထုတ်ပြန်ချက်ပါအချက်များကို ပယ်ဖျက်ခြင်းမရှိသေးကြောင်း KIA တပ်မဟာ (၂) မှ အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ တပ်မဟာ (၂)၊ တပ်ရင်း(၁၁) စစ်ရုံးက ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅) ရက် နေ့ ရက်စွဲနဲ့ သတိပေးကြေညာချက် တစ်ရပ် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်၊ သတိပေးထုတ်ပြန်ချက်မှာပါတဲ့ အချက်တွေကိုပဲ ထပ်လောင်းသတိပေးချင်တာပါ။ ကျွန်တော်တို့ သတ်မှတ်ထားသော အချိန် အတွင်းမှာပဲ သွားလာစေလိုပါတယ်။” ဟု ပြောသည်။

ထို့အပြင် မော်တော်ယာဉ်များကို မိုးကာအုပ်ပြီး စစ်ကောင်စီ၏ လူသူလက်နက်ခဲယမ်းတင်ဆောင်ခြင်းမျိုး မပြုလုပ်ကြရန်လည်း သူက ထပ်မံသတိပေးပြီး လိုက်နာမှုမရှိပါက ထိခိုက်နစ်နာမှုများရှိလာနိုင်သည်ဟုဆိုသည်။

“သတိပေးထုတ်ပြန်ချက်များကို လိုက်နာခြင်းမျိုးမရှိခဲ့ရင် ပြည်သူများသာ ထိခိုက်နစ်နာမည်ကို စိုးရိမ်တဲ့ အတွက် အထူးထပ်လောင်း သတိပေးခြင်းဖြစ်တယ်” ဟု ဆိုသည်။

KIA ၏ တပ်မဟာ (၂) လက်အောက်ရှိ တပ်ရင်း (၁၁) က ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် သတ်မှတ်ချိန်အတွင်းသွားလာရန်နှင့်စစ်ကောင်စီကို ကူညီခြင်းမပြုရန်စသည့်အချက် ၄ ချက်ပါထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်များသည် ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် အခြားမြို့နယ်အချို့တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ