လူ့အခွင့်အရေးကို ဆိုးဝါးစွာချိုးဖောက်သူများတွင် ကချင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ် ဦးခက်ထိန်နန်ပါဝင်သဖြင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ဘဏ္ဍာရေးဒဏ်ခတ်ပိတ်ဆို့အရေးယူခံရသူများတွင် ထည့်သွင်းလိုက်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် တရုတ်၊ မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံများမှ လူ့အခွင့်အရေးချိုးဖောက်သူများကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကို ဆိုးဝါးစွာချိုးဖောက်သူများဖြစ်ကြသည့် စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်အပါအဝင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုတို့ကို ဘဏ္ဍာရေးဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရသူများသည် ဒီမိုကရေစီအ‌ပေါ် တိုက်ခိုက်မှုနှင့် ရက်ရက်စက်စက်ဖိနှိပ်ညှဉ်းပမ်းမှုများတွင် ပါဝင်ပတ်သက်နေသူများဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တာဝန်ယူနေသည့် ကာလအတွင်း စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့သောကြောင့် ကချင်ပြည်နယ်အတွင်း ကျဆုံးခဲ့သော ပြည်သူ ၂၃ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ အချက်အလက်များအရသိရသည်။

အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရသူ အသက် ၆၁ နှစ်အရွယ် ဦးခက်ထိန်နန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မဟာမိတ်ပါတီဖြစ်သော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနှိမ့်ခဲ့သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့စဉ်ကလည်း ကချင်လူမျိုးတို့ တန်ဖိုးထားသည့် ရိုးရာဓါးနှင့်လွယ်အိတ်ပေးအပ်ခဲ့သည့် ဝန်ကြီးချုပ်ဖြစ်သဖြင့် ဒေသခံများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

ထို့အပြင် ဦးခက်ထိန်နန်သည် ပူတာအိုမြို့သို့ သွားရောက်စဉ်ကလည်း အရပ်သားအစိုးရသည် ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖီလာသည့်အတွက် အာဏာသိမ်းခြင်းမဟုတ်ပဲ ထိန်းသိမ်းပေးခြင်းသာဖြစ်သည်ဟု စစ်ကောင်စီဘက်မှ ကာကွယ်ပြောဆိုထားသည်။

ဦးခက်ထိန်နန်အပါအဝင် ဝန်ကြီးချုပ် သုံးဦးကို အမေရိကန်နိုင်ငံအပါအဝင် ဗြိတိန်နိုင်ငံနှင့်ကနေဒါနိုင်ငံတို့ကလည်း အလားတူ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ