ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တပ်မဟာ (၁) ဌာနချုပ်တည်ရှိရာ အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်းလကျေးရွာမှ ကိုဗစ်လူနာ ၅၀၀ ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

အစားအစာနှင့် ဆေးဝါးကို သယ်ယူရန်အခက်အခဲများစွာရင်ဆိုင်နေရပြီး ကျောင်းသားအများစုဖြစ်သဖြင့် အကူအညီပေးရန် တိုက်တွန်းလိုကြောင်း ရပ်ရွာ မြို့မိမြို့ဖ တစ်ဦးက The 74 Media ကိုပြောသည်။

“အစားအသောက်နဲ့ဆေးဝါး အခက်အခဲရှိနေသေးတယ်၊ ဆေးဝါးသယ်ယူရတာလည်း ခက်ခက်ခဲခဲနဲ့ သယ်ယူရတာ၊ ကိုဗစ်တွေ့တာက ကျောင်းသားတွေပိုဖြစ်တာပေါ့၊ခု ပါရာ၊ စီဗစ် နဲ့ အားဆေးတွေ၊ ဆန်၊ ဆီ၊ ဆား၊ ပေါ့၊ တတ်နိုင်သလောက် ကူညီပေးဖို့ တောင်းဆိုတာပေါ့” ဟု သူကပြောသည်။

အင်ဂွမ်းလကျေးရွာမှ လူဦးရေ တစ်ထောင်ကျော်ကို ကိုဗစ်စစ်ဆေးခဲ့ရာ၌ ကျောင်းသားကျောင်းသူများတွင် အများဆုံးပိုးတွေ့ရှိခဲ့သော်လည်း ကျန်းမာရေးအခြေအနေဆိုးဝါးသူမရှိကြောင်း သူကပြောသည်။

ဆေးဝါးနှင့် အစားအသောက် သယ်ယူပို့ဆောင်ရန်ခက်ခဲသည့် အင်ဂွမ်းလကျေးရွာမှ ကိုဗစ်လူနာများ ပိုမို များပြားလာမည်ကို စိုးရိမ်ကြောင်း ကိုဗစ်လူနာများကို ကူညီပေးနေသူ တစ်ဦးက The 74 Media ကိုပြောသည်။

“အားလုံးကိုတော့ မစစ်နိုင်သေးဘူး စစ်တာကလည်း မလောက်မငှဖြစ်သေးလို့လေ။ စိုးရိမ်မိတာက အချိန်နဲ့တစ်ပြေးညီ ဆေးဝါးမယူနိုင်မှာ စိုးရိမ်တာပေါ့၊ ဒါတွေကို မထိန်းချုပ်နိုင်ရင် ပိုပြီးပြန့်လာမှာကို စိုးရိမ်တာပေါ့။ဆရာဝန်တွေက အစ လုံလောက်မှု သိပ်မရှိဘူးပေါ့” ဟု ပြောသည်။

ကိုဗစ်ပိုးတွေ့ရှိသူ များပြားလာသောကြောင့် အင်ဂွမ်းလကျေးရွာတစ်ခုလုံးကို အောက်တိုဘာလ ၂၃ ရက်နေ့မှစပြီး လောဒ့်ဒေါင်းပြုလုပ်ထားသည်။

အင်ဂွမ်းလကျေးရွာသည် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကေအိုင်အေထိန်းချုပ်ရာ ဒေသတစ်ခုဖြစ်ပြီး အင်ဂျန်းယန်မြို့နယ်တွင် လူဦးရေ စုစုပေါင်း ၈၀၀၀ ကျော် နေထိုင်သည်။

Photo – CJ

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ