ဗန်းမောက်တွင် တောင်ကျချောင်းရေနှင့် မျောပါသွားသူသုံးဦးကို သေဆုံးလျက်ပြန်တွေ့

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ် ကန်ကုန်းကျေးရွာရှိ ခိုနန်းချောင်းတွင် စက်တင်ဘာလ ၂၁ ရက်နေ့ ညနေက ချောင်းရေကြီးလာသောကြောင့် လူငယ်သုံးဦး မျောပါသွားပြီး သေဆုံးလျက်ပြန်လည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေကျင်နေစဉ် တောင်ကျချောင်းရေကြောင့် ရုတ်တရက်ရေတက်လာစဉ် မျောပါသွားခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။

ဗန်းမောက်တွင် တောင်ကျချောင်းရေနှင့် မျောပါသွားသူသုံးဦးကို သေဆုံးလျက်ပြန်တွေ့

“ချောင်းဘေးမှာ အလုပ်လုပ်နေရင်းက ရေထဲပါသွားတာ ကယ်ဆယ်ရေးတွေလိုက်ရှာတာ နှစ်ယောက်ကတော့ မနေ့ကပြန်တွေ့တယ် မနေ့ညက မီးသင်္ဂြိုဟ်လိုက်ပြီ။ တစ်ယောက်က ခုညနေ ၄ နာရီမှာ ပြန်တွေ့တာ။ ပုံမှန်ရေက နှစ်ပေလောက်ပဲ တောင်ကျရေမို့ ဝါးလုံးထိုးတက်လာလိုက်တာ ရုတ်တရက် လူနှစ်ရပ်လောက် နက်သွားတာ။ နယ်ခံ မဟုတ်တဲ့သူတွေက ချောင်းရေထဲ ရွှေလုပ်တော့ တောင်ကျချောင်းရေရဲ့ သဘာဝကို မသိတာလဲ ဖြစ်နိုင်တယ်” ဟုသူကပြောသည်။

ထိုနေ့က မိုးကြီး ရေလျှံသောကြောင့် ဆီဘောက်ဆာကားတစ်စီး ချောင်းကူရင်း ရေစီးထဲမျောပါသွားပြီး ဆိုင်ကယ်သွား တံတားတွင် ညှိနေခဲ့ကြောင်း သူကဆက်ပြောသည်။

သေဆုံးသူ သုံးဦးမှာ ကန့်ဘလူမြို့မှ မောင် ဇင်မင်းအောင် အသက် ၁၇ နှစ်၊ မံလူရွာမှ မောင်ထွန်းထွန်း အသက် ၂၃ နှစ် နှင့် ပင်ပုံရွာမှ မောင်ထက်ဝေစိုး (ခ) ကိုဖိုးအေး အသက် ၁၆ နှစ်တို့ဖြစ်ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ