ထန်တလန်မြို့နယ်မှ စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက်နေ့က CDFနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် တိမ်းရှောင်ခဲ့သည့် ဒေသခံပြည်သူများသည် စာနပ်ရိက္ခာနှင့် ကျန်းမာရေးအတွက် အခက်အခဲများနှင့် ကြုံနေရကြောင်း သိရသည်။

ထန်တလန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပြည်သူများက စားနပ်ရိက္ခာနှင့် ကျန်းမာရေးအတွက် လိုအပ်ချက်များရှိနေသည်ဟု Thantlang Placement Affairs Committee အဖွဲ့ဝင် တစ်ဦး The 74 Media ကိုပြောသည်။

ထန်တလန်မြို့နယ်မှ စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

“အခက်အခဲက အများကြီး ရှိတယ် ဘာဖြစ်လို့လဲဆိုတော့ စစ်ဘေးရှောင်သူတွေက အမြှောက်ကြောင့် အလောတကြီးပြေးခဲ့ရတာ။ ပစ္စည်းတွေ စားစရာတွေ သယ်မလာဘဲနဲ့ သူတို့ အဝတ်အစားတောင် သူတို့ဝတ်ထားတာပဲပါလာတာ။ စစ်ဘေးလာရှောင်ရတာက တစ်လတောင်မပြည့်သေးဘူး အဲ့ဒါတောင်မှ စားနပ်ရိက္ခာပိုင်းမှာ တော်တော်လေး ဒုက္ခရောက်နေပြီ။” ဟုသူကပြောသည်။

စစ်ရှောင်ပြည်သူများသည် အချိန်ကာလကြာမြှင့်စွာ မူလနေရပ်ဒေသတို့ ပြန်လည်နေထိုင်နိုင်ခြင်းမရှိပါက စားနပ်ရိက္ခာနှင့် ကျန်းမာရေးအတွက် လိုအပ်ချက်ပိုမိုများပြားလာနိုင်ပြီး ပိုမိုခက်ခဲလာနိုင်ကြောင်း သူကဆက်ပြောသည်။

ထန်တလန်မြို့နယ်မှ ဒေသခံအများစုသည် ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့ သက်ကြီးရွယ်အိုများမှာ အိမ်မွေးတိရစ္ဆာန်များကို စောင့်ကြည့်ရန် အိမ်စောင့်အဖြစ်ကျန်ရစ်ခဲ့ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“သက်ကြီးပိုင်းတွေပဲကျန်နေကြတာ သူတို့အိမ်တွေ၊ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ကြည့်မယ့် သူရှိမှာ မဟုတ်လို့တဲ့ ဒီတိုင်းပစ်ထားခဲ့ရင် စစ်သားတွေက ကြိုက်သလိုလုပ်မှာစိုးလို့တဲ့။” ဟုသူကပြောသည်။

တိုက်ပွဲကြောင့် ချင်းပြည်နယ် ထန်သလန်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသူ စုစုပေါင်း ၅၅၀၀ ဦးရှိပြီး စက်တင်ဘာ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့သည်။

photo: Thantlang Placement Affairs Committee

သင့်ထင်မြင်ချက်ရေးပေးပါ