ဟိုကပ်ကျေးရွ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဖြစ်သူ စက်တင်ဘာ ၁၄ ရက်နေ့တွင် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရသည်။

ဟိုကပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်သည် မဇွတ်ယန်နှင့် မလေးကျေးရွာကြားတွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မလိဇွတ်ယန်နဲ့ မလေး ကြားမှာ ပစ်သတ်ခံရတယ်၊ မြစ်ကြီးနားမှာ ဆိုင်ကယ်ပြင်ထားတာ သွားရွေးပြီးအပြန် အုပ်ချုပ်ရေးမှူးက ကားမောင်းပြီး ရွာသားက ဆိုင်ကယ်မောင်းပြန်လာတာ။ အုပ်ချုပ်ရေးမှူးက ကားထဲမှာ မှောက်ခုံသေနေတယ်တဲ့ ဆိုင်ကယ်မောင်းလာတဲ့ ရွာသားလည်း သေနေတယ်တဲ့ အဲ့ကြားမှာက လူအရမ်းပြတ်တယ်ပြောတယ်” ဟု ပြောသည်။
အုပ်ချုပ်ရေးမှူးနှင့်အတူ အသတ်ခံရသူသည် ဟိုကပ်ကျေးရွာမှ ကားမောင်း၍ အသက်မွေးဝမ်းကျောင်းပြုသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်းသိရသည်။
ဟိုကပ်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျော်နီဆွေနှင့် ဇနီးတို့သည်လည်း လွန်ခဲ့သော မေလ ၃၀ရက်နေ့က ၎င်း၏နေအိမ်ရှိ ဈေးဆိုင်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။
ဦးစိုးအောင်သည် စစ်ကောင်စီလက်ထက် ဦးဂျော်နီဆွေ တာဝန်မှအနားယူပြီးနောက်ပိုင်း တာဝန်ယူခဲ့သူဖြစ်သည်။
ဟိုကပ်ကျေးရွာသည် မြစ်ကြီးနားမြို့နှင့် မိုင် ၃၀ ခန့်အကွာရှိ ကျေးရွာတစ်ခုဖြစ်ပြီး ရှမ်းလူမျိုးနှင့် ကချင်လူမျိုးများ အများစုနေထိုင်ကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ