Time မဂ္ဂဇင်းက သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်စာရင်းတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသူအမျိုးသမီးနှစ်ဦးထည့်သွင်းဖော်ပြခံရ
ကမ္ဘာကျော် Time မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး သို့မဟုတ် ကမ္ဘာ့ဩဇာအရှိဆုံး လူပုဂ္ဂိုလ်တစ်ရာစာရင်းတွင် မြန်မာနိုင်ငံမှ လူငယ်အမျိုးသမီးနှစ်ဦးပါဝင်ကြောင်း သိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်နှင့် လူငယ်တက်ကြွလှုပ်ရှားသူ ဒေါ်အက်စ္စတာဇယ်နော်တို့ကို ရှေ့ဆောင်ဦးရွက်ပြုသူများ (Pioneers) ကဏ္ဍတွင် ရွေးချယ်ဖော်ပြထားခြင်းဖြစ်သည်။
ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုဖြစ်သည့် Time မဂ္ဂဇင်းက ၎င်းတို့နှစ်ဦးကို ယခုလိုအသိအမှတ်ပြုခြင်းသည် မြန်မာ့အရေးအတွက် များစွာအထောက်အကူပြုမည်ဟုမျှော်လင့်ကြောင်း ဒေါ်အက်စ္စတာဇယ်နောက The 74 Media ကိုပြောသည်။
Time မဂ္ဂဇင်းက သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်စာရင်းတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသူအမျိုးသမီးနှစ်ဦးထည့်သွင်းဖော်ပြခံရ
“အခုလို ကျမတို့ရဲဘော်ရဲဘက်နှစ်ဦးကို Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံးအယောက် ၁၀၀ မှာ အခုလို ထည့်သွင်းသတ်မှတ်ခြင်းဟာ ယနေ့မြန်မာနိုင်ငံအခင်းအကျင်းကို နိုင်ငံတကာအနေနဲ့ စိတ်ဝင်စားတယ်၊ ဖော်ပြစေချင်တယ်လို့ မှတ်ယူပါတယ်။ နောက်ပြီး ဒီနေ့မြန်မာနိုင်ငံပြည်သူလူထုကြုံတွေ့နေရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ပတ်သက်လို့ နိုင်ငံတကာစာမျက်နှာရှေ့ မီးမောင်းထိုးပြရာရောက်တဲ့အတွက် – မြန်မာနိုင်ငံရဲ့ ရှေ့ဆက်နိုင်ငံရေး၊ စစ်ရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွေမှာ တစ်စုံတစ်ရာအထောက်အကူ ဖြစ်စေနိုင်မယ်လို့ မျှော်လင့်မိပါတယ်” ဟု သူမက ပြောသည်။
နိုင်ငံတကာက အသိအမှတ်ပြုခံရသော်လည်း ယခင်အတိုင်းပင် ဖက်ဆစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု သူမကဆက်ပြောသည်။
ရှမ်းနီလူငယ်အမျိုးသမီး ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်နှင့် ကချင်တိုင်းရင်းသူ ဒေါ်အက်စ္စတာဇယ်နောတို့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းပြီးနောက်ပိုင်း ၅ ရက်အကြာ ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကနဦးဆန္ဒပြလှုပ်ရှားမှုများကို ဦးဆောင်ခဲ့ကြသူများဖြစ်သည်။
ထို့အပြင် ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး အစဉ်တစိုက်ထုတ်ဖော်ပြောဆိုခဲ့ကြသူများလည်း ဖြစ်ကြသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်လည်း အဆိုပါစာရင်းတွင် ၂၀၀၄၊ ၂၀၀၈ နှင့် ၂၀၁၁ ခုနှစ်များတွင် ထည့်သွင်းဖော်ပြခံခဲ့ရသည်။
Time မဂ္ဂဇင်း၏ နှစ်စဉ်ဩဇာအရှိဆုံး အယောက် ၁၀၀ စာရင်းတွင် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား၊ နာမည်ကျော်ရုပ်သံတင်ဆက်သူ အော်ပရာဝင်းဖရေးအပြင် နာမည်ကျော်ကြားသည့် ခေါင်းဆောင်များ၊ တော်လှန်ရေးလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် အတွေးအခေါ်ပညာရှင်များထဲမှ ရွေးချယ်လေ့ရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ