တန်ဂျာစစ်ရှောင်ပြည်သူ
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် တန်ဂျာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လုံရှာယန်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြသော တန်ဂျာဒေသခံများ အားလုံး နေရပ်ပြန်ပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား-ပူတာအို လမ်းမကြီးပေါ်တွင်ရှိသည့် တန်ဂျာကျေးရွာအနီးတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နှင့် KIAအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် တန်ဂျာဒေသခံများ လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်ရှောင်ခဲ့ခြင်းဖြစ်သည်။
“ရွာပြန်ကြပေမယ့် စိုးတော့ စိုးရိမ်ကြတာပေါ့နော်။ တိုက်ပွဲပြန်ဖြစ်မလား ဆိုပြီးတော့ ကြောက်ကြတာတော့ ရှိတယ်။ ဒါပေမယ့် ဟိုမှာကလည်း ဒုက္ခသည်စခန်းမရှိတော့ သူများအိမ်နဲ့ဘုရားကျောင်းမှာပဲနေရတော့ စားဝတ်နေရေးနဲ့ တခြားခက်ခဲလာတာတွေ ရှိတာပေါ့။ အဲ့လိုမျိုးကြောင့်မို့ ပြန်လာကြတာ” ဟု အမည်မ​ဖော်လိုသူ ​ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲငြိမ်နေသော်လည်း အချိန်မရွေးပြန်ဖြစ်လာမည်နှင့် ကျွဲနွားများအား သတ်ဖြတ်စားသောက်ပေးမည်ကိုလည်း စိုးရိမ်နေကြကြောင်း သူက ဆက်ပြောသည်။
မြစ်ကြီးနား-ပူတာအို လမ်းမကြီးပေါ်တွင်ရှိသည့် တန်ဂျာကျေးရွာသည် အိမ်ထောင်စု ၁၀၃စု ခုရှိကာ လူဦးရေ ၅၈၉ ဦးခန့်ရှိသည်ဟု သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ