စစ်ကောင်စီ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ လဂျားဘွမ်နှင့် ရှိန်လုံဂါးကျေးရွာကြား စစ်ကောင်စီတပ်များနှင့် ကေအိုင်အေတပ်များ ယနေ့နံနက်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေပြီး ထိခိုက်ဒဏ်ရာရသူများသည်ဟု သိရသည်။

စစ်ကောင်စီမှ နှစ်ဖွဲ့ခွဲ၍ တက်လာစဉ် ကေအိုင်အေမှ မိုင်းခွဲမှုကြောင့် တိုက်ခိုက်မှုစတင် ဖြစ်ပွားခဲ့ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“စကစဘက်က အရင်တက်ခဲ့တာ။ နှစ်ဖွဲ့ခွဲပြီး တက်လာတာကို ရှေ့တန်းအဖွဲ့နဲ့ဖြစ်တာ။ ကေအိုင်အေက ရီမုတ်မိုင်းနဲ့ဖောက်ခွဲပြီးနောက် အပြန်အလှန်ပစ်ကြတာပေါ့။ စကစလေးယောက်သေပြီး အများပိုင်း ဒဏ်ရာရကြတယ်လို့ရှေ့တန်းကကြားတယ်။ လက်ရှိတော့ စကစတွေက ရှိန်လုံနဲ့ လဂျားဘွမ်ကြားမှာပဲ စခန်းချ ထားတယ်တဲ့”ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် တနိုင်းဒကစ(ဒေသကွပ်ကဲမှုစစ်ဌာချုပ်)မှ ဦးဆောင်တပ်ပေါင်းစု အင်အားစုစုပေါင်း ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ၂၆၀ တပ်ရင်းမှူးကိုယ်တိုင်လည်းပါသည်ဟု သူကဆက်ပြောသည်။
တရုန်ကျေးရွာတွင် ယခင်က စစ်ကောင်စီစစ်တပ်တစ်ခုတပ်စွဲထားသော်လည်း အာဏာသိမ်းပြီးနောက် ကေအိုင်အေ တပ်ရင်း ၄၅ က ထိန်းချုပ်ထားသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးလာသည့်အတွက် တနိုင်း-ရှင်ဗွေယန် ကားလမ်းကို ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့က KIA အဖွဲ့က သွားလာခွင့် ပိတ်ပင်ခဲ့သည်။
Photo Credit: Twitter
သင့်ထင်မြင်ချက်ရေးပေးပါ