မူဆယ်မြို့နယ် အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA အကြား တိုက်ပွဲဆက်လက်ဖြစ်ပွာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံကိုးမြို့နယ်၊ ဖောင်းဆိုင်ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့က MNDAA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး MNDAA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းသုံးကြောင်း အင်အား ၂၀၀ ခန့်ဖြင့် MNDAA တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ MNDAA တပ်မှ တစ်ဦးကျဆုံးခဲ့ကြောင်း The Kokang ဖေစ့်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဩဂုတ်လ တတိယပတ်လောက်မှစတင်ကာ ကိုးကန့် (MNDAA) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများခဲ့ကာ ၎င်းတို့၏လက်နက်အများအပြား သိမ်းဆည်းရမိခဲ့သည်။
မုံကိုးမြို့နယ်အတွင်းရှိ ဟဲ့ရှန်နှင့် လုံခမ်ဒေသမှ စစ်ကောင်စီအမြောက်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၅ နာရီခန့်မှ ၆ နာရီခွဲခန့်ထိ ဖောင်းဆိုင်ကျေးရွာသို့ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့ကတော့ အရင်ကထက် ပစ်ခတ်တာ တော်တော်ကြာတယ် စက်သေနတ်တွေရော၊ လက်နက်ကြီး၊ သေနတ်သံတွေညံနေတာပဲ။ ကျွန်တော်တို့လည်း ကတုတ်ကျင်းထဲဝင်ပုန်းနေတာ ထွက်ပြေးစရာမြေလည်း မရှိဘူးလေ” ဟုသူကပြောသည်။
မုံကိုးမြို့နယ်ရှိ နေရာဒေသတစ်ချို့တွင် ဩဂုတ်လမှစ၍ MNDAA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီတပ်ကလည်း အင်အားတိုးချဲ့မှုများ ဆက်လက်ပြုလုပ်လျက် ရှိသည်။
Photo : The Kokang
သင့်ထင်မြင်ချက်ရေးပေးပါ