လွိုင်ကော်မြို့တွင် စစ်ကောင်စီပိုင် Mytel ရုံးနှစ်ရုံးနှင့် ဖုန်းတာဝါတိုင် ဖောက်ခွဲဖျက်စီးခံရ
ကယားပြည်နယ် လွိုင်ကော်မြို့တွင် သုံးရက်အတွင်း စစ်ကောင်စီပိုင် Mytel ရုံး နှစ်ရုံးနှင့် Mytel ဖုန်းတာဝါတိုင် တစ်တိုင် ဖောက်ခွဲဖျက်စီးခံရကြောင်းသိရသည်။
Mytel ရုံးနှစ်ရုံးနှင့် ဖုန်းတာဝါတိုင် ဖောက်ခွဲဖျက်စီးခံရသော်လည်း လူထိခိုက်မှုမရှိကြောင်း သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီပိုင် Mytel ရုံးနှစ်ရုံးနှင့် ဖုန်းတာဝါတိုင် ဖောက်ခွဲဖျက်စီးခံရ

 

“မနေ့ညက Mytel ရုံး ဖောက်ခွဲခံရတယ်။ ရှေ့ညကလည်း ဖောက်ခွဲခံရတယ်။ တနေ့ကတော့ ငွေတောင်ဆည်နဲ့ ဒီးမော့ဆိုကြားက Mytel ဖုန်းတာဝါတိုင်ဖျက်တယ်။
ရုံးနှစ်ရုံးနဲ့ တိုင်တစ်ခုရှိပြီ ဖောက်ခွဲခံရတာ။ လူထိခိုက်မှုတော့ မရှိပါဘူး။ ရုံးမှာ ရုံးစောင့်လည်းရှိတာကို မထိမိပါဘူး။ သတိပေးတဲ့အနေအထားလောက်ပဲဖြစ်မှာပါ” ဟု ပြောသည်။
လက်ရှိအချိန်တွင် ဖောက်ခွဲဖျက်စီးခံခဲ့ရသော Mytel ရုံးနှစ်ရုံးတွင် စစ်ကောင်စီတပ်မှ လုံခြုံရေး အင်အားအများအပြားချထားကြောင်း သူက ဆက်ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့ ညပိုင်းက လွိုင်ကော်မြို့လယ်ရှိ Mytel ရုံး၊ ဩဂုတ်လ ၂၆ ရက်နေ့ ညပိုင်းက ချီကယ်ရပ်ကွက်ရှိ Mytel ရုံးတို့ ဖောက်ခွဲခံရခြင်းဖြစ်ပြီး ငွေတောင်ကျေးရွာအနီးရှိ Mytel ဖုန်းတာဝါတိုင်မှာ ဩဂုတ်လ ၂၄ ရက်နေ့က ဖောက်ခွဲခံခဲ့ရသည်။
ကယားပြည်နယ်တွင် မေလမှစ၍ စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရယူခဲ့သော်လည်း စစ်ကောင်စီမှ ဖိနှိပ်မှုများကြောင့် ဩဂုတ်လဆန်းတွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။
Photo : CJ
သင့်ထင်မြင်ချက်ရေးပေးပါ