ကဘူဒမ်းစစ်ရှောင်စခန်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာမှ ကိုဗစ်၁၉ ရောဂါဖြင့် သေဆုံးသူရှိခဲ့သည့် ကဘူဒမ်း စစ်ရှောင်စခန်းတွင် ဆေးဝါးနှင့် PPE ဝတ်စုံများ လိုအပ်နေကြောင်းသိရသည်။

ကဘူဒမ်းစစ်ရှောင်စခန်း

 

နန်းကွေ့ကျေးရွာရှိ ခရစ်တော်၏ အသင်းတော် ကဘူဒမ်းစစ်ရှောင်စခန်းတွင် ကိုဗစ်ကာကွယ်ရေးပစ္စည်းများနှင့် ဆေးဝါးများလိုအပ်နေသည်ဟု စစ်ရှောင်စခန်း တာဝန်ခံတစ်ဦးက The 74 media ကိုပြောသည်။

“ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆေးဝါးပစ္စည်းနဲ့ ကာကွယ်ရေးပစ္စည်းတွေကအစလိုတယ် ကာကွယ်ရေးသုံး ပိုးသတ်ဆေးဖြန်းရဆိုတော့ ကိုဗစ်နဲ့ဆိုင်တဲ့ အသုံးအဆောင်ပေါ့။ PPE လည်းလိုတာပေါ့။ ပြီးတော့ ကျား၊ မ တစ်ကိုယ်ရေသုံး ပစ္စည်းတွေလိုအပ်တယ်” ဟုသူကပြောသည်။

စခန်းတွင် လွန်ခဲ့သော ဩဂုတ်လ ၂၁ ရက်နေ့က အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့ပြီး ထိစပ်သူ အမျိုးသားကို စခန်းရှိကွာရန်တင်းစင်တာတွင် ကွာရန်တင်းထားကြောင်း သူကဆက်ပြောသည်။

“သေသွားတဲ့သူရဲ့ အမျိုးသားကိုတော့ ကွာရန်တင်းဝင်ခိုင်းထားတယ် ပိုးတော့မတွေ့ဘူး။ သူနဲ့အတူ ၁၂ ယောက်စစ်တယ် ပိုးမတွေ့ဘူး” ဟု သူကပြောသည်။

စခန်းတွင် အလှူရှင်အချို့ လာရောက်လှူဒါန်းမှုအချို့ရှိသော်လည်း အစားအသောက်နှင့် အထွေထွေသုံး ငွေကြေးများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကဘူဒမ်းရွာမှ ခရစ်တော်၏အသင်းတော် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၄ စုနှင့် လူဦးရေ ၄၃ ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ