ဖားကန့်

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်တွင် ယနေ့အထိ ဖုန်းအင်တာနက် Mobile Data နှင့် Wifi များ ဖြတ်တောက်ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။

ဩဂုတ် ၂၀ရက်နေ့ ည ၈ နာရီခန့်မှစ၍ MPT နှင့် Telenor ဖုန်းအင်တာနက်များ ဖြတ်တောက်ခံခဲ့ရ​သော်လည်း ည ၁၁ နာရီနောက်ပိုင်းမှစ၍ ဖုန်း​အော်ပ​ရေတာ အားလုံး၏ ဖုန်းအင်တာနက်များနှင့် Wifiစက်များ ဖြတ်တောက်ခံလိုက်ရ​ကြောင်း ဖားကန့်​ဒေသခံများက​ပြောသည်။
လက်ရှိအချိန်တွင် အင်တာနက်လိုင်းများ ဖြတ်​တောက်ခံထားရ​သော်လည်း ဖုန်းဆက်သွယ်​​ပြောဆိုနိုင်​သေးကြောင်း ဖားကန့်ဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။
“ဖုန်းပဲဆက်လို့ရ​တော့တယ်။ Wifi ​တွေလည်း မရ​တော့ဘူး။ တ​နေ့ညက လုံးခင်းနဲ့နမ္မဖြစ်ဘက် အိမ်စီးကားတွေနဲ့ စစ်ဆင်ရေးလုပ်တာနေမှာ လိုက်ပတ်နေတာ တွေ့လိုက်တယ် ၊ စစ်ကောင်စီတွေ ဒီတလော မူမမှန်တာတော့ သေချာတယ်”ဟု ပြောသည်။
ဖားကန့်​ဒေသခံများက အင်တာနက်ပြတ်တောက်မှုအပေါ် ဖားကန့်​ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆင်ရေးရှိနိုင်ကြောင်း ယူဆနေ​သည်ဟု သူက ဆက်​ပြောသည်။
အင်တာနက်လိုင်းဖြတ်​တောက်ရခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ရှိအချိန်အထိ သတင်းထုတ်ပြန်​ကြေညာခြင်းမရှိ​သေးပါ။

ကချင်ပြည်နယ်ရှိ အခြားမြို့နယ်များဖြစ်သည့် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း ၊ မိုးကောင်း ၊ ပူတာအို မြို့နယ်များတွင် ဖုန်းအင်တာနက်နှင့် Wifiများ ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်သေးကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ