မိုးညှင်းမြို့က ဂျပန်မဆိုင်တွင် ဆန်လေးပြည်ကို တစ်ထောင်ကျပ်ဖြင့် ရောင်းချပေးမည်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နားခါမြောက်ရပ်ကွက်ရှိ ဂျပန်မဓာတ်မြေဩဇာရောင်းဝယ်ရေးဆိုင်တွင် လာမည့် ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ကိုးနာရီမှစတင်ပြီး ဆန်လေးပြည်ကို တစ်ထောင်ကျပ်ဖြင့် ရောင်းချသွားမည်ဟု သိရသည်။

မိုးညှင်းမြို့က ဂျပန်မဆိုင်တွင် ဆန်လေးပြည်ကို တစ်ထောင်ကျပ်ဖြင့် ရောင်းချပေးမည်

 

ခက်ခဲနေသော အခြေခံလူတန်းစားများအတွက် အလှူရှင်များက ကိုဗစ်စည်းကမ်းနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“အိမ်ထောင်စုတစ်စုကို လေးပြည်နှုန်း တစ်ထောင်ရောင်းမယ်။ လေးပြည်အိတ်ကို ကိုးရာလောက် ရှိတယ်တဲ့။ ဆိုတော့ အိမ်ထောင်စု ကိုးရာလောက်ရမယ့် သဘောပေါ့ဗျာ။ သူတို့က အရင်ကလည်း ဆန် ကုန်သည်တွေလည်းလုပ်တော့ တခြားဆန်အလှူရှင်တွေနဲ့ပေါင်းပြီး လှူကြတဲ့သဘောပေါ့” ဟု ပြောသည်။
ဆန်ရောင်းရငွေအား ကိုဗစ်ကာကွယ်ရေးကော်မတီ၊ လူမှုကူညီရေးအသင်း နင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များထံ ပြန်လည် လှူဒါန်းသွားမည်ဖြစ်ကြောင်း သူကပြောဆက်သည်။
လက်ရှိ နိုင်ငံရေးနှင့် ကိုဗစ်ကပ်ရောဂါကြောင့် ပြည်သူများ စီးပွားရေးအခြေအနေကျပ်တည်းနေသည့်အတွက် ယခုလို အလှူသဘောမျိုးဖြင့် ရောင်းချပေးသည့်အတွက် ဝမ်းသာမိကြောင်း သူကဆက်ပြောသည်။
“ဒါမျိုးတွေက များများလုပ်နိုင်ရင်ပိုကောင်းတယ်ပေါ့။ လက်ရှိအခြေအနေအရ လူတွေလည်း စီးပွားကျပ်တာရှိတော့ များများလုပ်ပေးနိုင်ရင် ရှင်းရှင်းပြောရရင် မြို့အတွက် ပိုကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ဝမ်းသာတယ်” ဟုဆိုသည်။
လက်ရှိအချိန် မိုးညှင်းမြို့၌ ချင်းတုံးဆန် တစ်ပြည်လျှင် ၁၇၀၀ ကျပ်ဝန်းကျင်၊ ပေါ်ဆန်းမွှေးဆန် တစ်ပြည်သည် ၃၀၀၀ ကျပ်ဝန်းကျင်၊ ဆန်ကြမ်းများသည် တစ်ပြည်လျှင် ၁၅၀၀ ကျပ်ဝန်းကျင်ရှိသည်။
မိုးညှင်းမြို့နယ်တွင် ဩဂုတ်လ ၁၉ ရက်နေ့အထိ ကိုဗစ်တတိယလှိုင်းကြောင့် သေဆုံးသူ (၂၁) ဦးနှင့် ပိုးတွေ့ရှိသူ စုစုပေါင်း (၁၁၈၅)ဦးရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Photo :CJ

သင့်ထင်မြင်ချက်ရေးပေးပါ