ဖားကန့် လုံးခင်းကျေးရွာတွင် မြေပြိုမှုကြောင်း သုံးဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာတွင် ယနေ့ဩဂုတ်လ ၂၀ ရက်နေ့၊ ညနေ ၄ နာရီခန့်က မြေပြိုမှုကြောင့် ဒေသခံ ပြည်သူ (၃) ဦး သေဆုံးသွားကြောင်း သိရသည်။

ဖားကန့် လုံးခင်းကျေးရွာတွင် မြေပြိုမှုကြောင်း သုံးဦးသေဆုံး

 

သေဆုံးသူများ၏ အလောင်းကို မတွေ့ရှိသေးကြောင်း အနီးပတ်ဝန်းကျင်မှ ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ညနေက အဲ့မှာ တူးကြတဲ့လူ ၅ယောက် ဟုတ်တယ် ၊ ၃ ယောက်က ပါသွားပြီး ၂ ယောက်က လွတ်သွားတာပေါ့၊ အလောင်းက မရသေးဘူး” ဟု သူကပြောသည်။
မြေပြိုမှုဖြစ်ပွားခဲ့သောနေရာသည် တားမြစ်ထားသည့်နေရာဖြစ်သော်လည်း ကျောက်စိမ်းဆက်လက်တူးဖော်မှုနေသည့်နေရာဖြစ်သည်ဟု သူကဆက်ပြောသည်။
မိုးရွာသောကြောင့် အဆိုပါနေရာရှိ လမ်းပျက်စီးမှုများလည်း ရှိနေကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ဆက်ပြောသည်။
“အဲ့လမ်းကြီးက အခုနောက်ပိုင်းမသွားရဘူး နောက်ဘက်ကနေ ပြန်ပတ်သွားရတာ အဲ့လမ်းကတော်တော်ကြီးကို ပြိုကျနေပြီ၊ ခုရက်ပိုင်းမိုးရွာတော့ ပိုပြိုကျတာပေါ့” ဟု သူကပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ‌နေရာ၌ မြေပြိုမှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် အလောင်းရှာဖွေမှုလည်း မလုပ်နိုင်သေးကြောင်း သိရသည်။
ဖားကန့်မြို့ရှိ နေရာအနှံ့အပြားတွင် တရားမဝင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များသို့ ဧပြီလ မှ စတင်ကာ လစဉ်ကြေးပေးသွင်းကာ ပြုလုပ်နေကြသည်။
ဖားကန့်မြို့နယ်၊ ကျေးရွာတစ်ချို့တွင် မေလ၃၀ ရက်နေ့မှ ယနေ့ချိန်ထိ မြေစာပြိုကြမှုများကြောင့် အမျိုးသား ၁၀ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၅ ဦးအထက် ရှိသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များတွင် မိုးတွင်းကာလများအတွင်း မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများမကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ကျောက်စိမ်းသစ်ရွက်၊ ဂျိတ်လင်း၊ စိမ်းရွှေဝါ ကုမ္ပဏီလုပ်ကွက်နေရာများမှ မြေစာပုံပြိုကျသဖြင့် လူနှစ်ရာနီးပါး သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ