အုပ်ကျင်းကျေးရွာ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အုပ်ကျင်းကျေးရွာအဝင်တွင် ဖမ်းဆီးခဲ့သည့် လူငယ် ၁၈ ဦး ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ကဝါးယန်ကျေးရွာရှိ ဂါဗေလ ဘိန်းဖျက်စခန်းမှ လူငယ် ၁၈ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက PDF ဟု စွပ်စွဲကာ တပ်ရင်း ၇၄ သို့ ဖမ်းစီးခေါ်ဆောင်သွားပြီး ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဘိန်းဖျက်စခန်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“သူ့တို့ကို ကျွန်တော်တို့က ကတုံးညှပ်ထားတဲ့အခါကြတော့ ဒီဘက်မှာ PDF ဆိုလား အဲ့ဟာတွေဖြစ်မှာစိုးလို့ သူတို့က ခဏထိန်းသိမ်းပြီးမှ လွှတ်ပေးတာပါ၊ သူတို့ကို ဖမ်းထားတော့ ကျွန်တော်တို့ကို အကြောင်းကြားပါတယ်။ အဲ့လူငယ်တွေရဲ့ စာရင်းတွေ ယူပြီး ၇၄ တပ်ရင်းကို သွားရှင်းပေးပါတယ်၊ ရဲစခန်းကို လွဲတယ် ရဲစခန်းက သွားထုတ်ခဲ့ပါတယ်” ဟု သူကပြောသည်။
ပြန်လွတ်လာသည့် လူငယ် ၁၈ ဦးသည် ကချင်ပြည်နယ်ဒေသအသီးသီးမှ လူငယ်များဖြစ်ပြီး ကျောင်းတွင်လက်ခံတော့မည် မဟုတ်ဘဲ အုပ်ထိန်းသူများထံ ပြန်လည် အပ်နှံသွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ လူငယ် ၁၈ ဦးကို အုပ်ကျင်းကျေးရွာအဝင် လယ်ကွင်းအနီး ကားလမ်းဘေးတွင် ဩဂုတ်လ ၁၇ ရက် ညနေ ၅ နာရီခန့်က ဒူးထောက် လက်မြှောက်ထား ခိုင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ