ရွှေကူမြို့နယ် ပြောင်းခင်းတစ်ခုအတွင်း လက်နက်ကြီးကျ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရွှေကူလေးကျေးရွာအနောက်ဖက် နှစ်မိုင်ခန့်အကွာတွင် လက်နက်ကြီး တစ်လုံး ယမန်နေ့က ကျရောက်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၈ ရက်နေ့၊ ယမန်နေ့က ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီတပ်၏ သင်္ဘောအား ကေအိုင်အေအဖွဲ့မှ ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ရွှေကူလေးကျေးရွာနှင့် နှစ်မိုင်ခန့်အကွာတွင် လက်နက်ကြီးကျရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလက်နက်ကြီးသည် ပြောင်းခင်တစ်ခုအတွင်း ကျရောက်ခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိသေးသောကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ရွာနဲ့စေတီတော်ကြား ပြောင်းခင်းမှာကျတာ။ လက်နက်ကြီးကျည်ဆံက မပေါက်ကွဲသေးတော့ စိုးရိမ်မှု ရှိနေတယ်။ ဒီတော့ နားလည်တတ်ကျွမ်းပြီး တာဝန်ရှိ တာဝန်သိသောသူတွေက လာရောက် ရှင်းလင်းပေး စေလိုပါတယ်” ဟုပြောသည်။
ယမန်နေ့ညက မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လက်နက်ကြီး မြေကြီးအတွင်းသို့ မြုပ်ဝင်နေကြောင်း သူကဆက်ပြောသည်။
ဇွန်လ ၈ ရက်နေ့လည်း စစ်ကောင်စီသင်္ဘောမှ ပစ်ခတ်မှုကြောင့် ရွှေကူမြို့နယ် ကိုင်းရွာမှ အမျိုးသားတစ်ဦး ပေါင်၌ ရှပ်ထိ ဒဏ်ရာရရှိခဲ့သည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သ‌‌င်္ဘောများကို ရွှေကူမြို့နယ်အတွင်း ကေအိုင်အေအဖွဲ့မှ မကြာခဏ ပစ်ခတ်လျှက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ