ဝိုင်းမော်ဘူးဂါးလျှပ်စစ်ရုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ဘူးဂါးလျှပ်စစ်ရုံးခွဲမှ ဝန်ထမ်းငါးဦးကို ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။

ဝန်ထမ်းခြောက်ဦးတွင် ငါးဦးပြန်လွတ်လာခြင်းဖြစ်ပြီး ကျန်တစ်ဦးကို မည်သည့်အကြောင်းကြောင့် ဆက်လက်ထိန်းသိမ်းထားသည်ကို ကောင်းစွာပြောပြခြင်းမရှိကြောင်း ဘူးဂါးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ငါးယောက်တော့ ဒီမနက်လွှတ်လာပြီ တစ်ယောက်တော့ ကျန်ထားတယ် တစ်ယောက်က စစ်ရအုံးမယ်ဆိုပြီး ချန်ထားတာ ဘာကြောင့်ခေါ်ထားသေးတယ် ဆိုတာ ပြောတာမဟုတ်ဘဲနဲ့ သူတို့ စစ်ဖို့ကျန်သေးတယ် ပြောပြီး ခေါ်ထားတာ ဘယ်ချိန်ပြန်လွတ်လာမယ်ဆိုတာတော့ မသိဘူး” ဟု သူကပြောသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ဆေးရန် ဆက်လက်ထိန်းသိမ်းခံရသူမှာ အသက်၂၀ အရွယ် ဆိုင်းဂူဆိုသော အမျိုးသား ဖြစ်ကြောင်း သူကဆက်ပြောသည်။

ဝိုင်းမော်မြို့ ဘူးဂါးလျှပ်စစ်ရုံးခွဲမှ ဝန်ထမ်းခြောက်ဦးသည် ဩဂုတ်လ ၉ ရက်နေ့ ည ၁၂ နာရီခန့်က စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ