ဖားကန့်တွင် ရိုက်နှက်လုယက်မှုများ ယခင်ထက်ပိုများလာသည်ဟု ဒေသခံများပြေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ္မဖြစ် နှင့် လုံးခင်းကြားရှိ ပြည်ထောင်စု လမ်းမကြီးတစ်လျောက်တွင် လုယက်မှုမကြာခန ဖြစ်ပွားလေ့ရှိပြီး ယခု ရက်ပိုင်းအတွင်း ရိုက်နက်လုယက်မှု ပိုမိုများပြားလာကြောင်းသိရသည်။

နမ္မဖြစ်နှင့် လုံးခင်းကြားရှိ ကုလားသင်္ဂျိုင်း (ဒေသအခေါ်) အနီးတွင် ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့်၌ တစ်ဦးတည်းဆိုင်ကယ်မောင်းနှင်လာချိန် စားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်ခံရသည်ဟု ဓားခုတ်ခံရသည့် အမျိုးသားက The 74 Media ကို ပြောသည်။

ဖားကန့်တွင် ရိုက်နှက်လုယက်မှုများ ယခင်ထက်ပိုများလာသည်ဟု ဒေသခံများပြေ

 

“အရင်ညတွေလည်းဖြတ်နေကြ၊ အဲ့သင်္ဂျိုင်းရှေ့မှာ သူတို့က ကန့်လန့်ကြီး လူသန့်သန့်လေးတွေပဲ ကျွန်တော့်ကို ဆိုင်ကယ်ကနေ ဆင်းခိုင်းတာ၊ ဆိုင်ကယ်တောင်းတာ မပေးတော့ ကျွန်တော့်ကို လက်တီးနဲ့ ထိုးတာ၊ တွန်းလှဲပြီးမှ ဓားနဲ့ လေးချက်လောက် ခုတ်တာ၊ နောက်ဆုံးခုတ်တဲ့ အချက်က တော်တော်ထိသွားတယ် အတွင်းရောအပြင်ရော ချုပ်လိုက်ရတယ်၊ ဆိုင်ကယ်က အသစ်ပဲရှိသေးတယ် ပါသွားတယ်” ဟုသူကပြောသည်။
ယခင်အချိန်က ထိုနေရာတွင် လုယက်သူများကို ဖမ်းဆီးရမိခဲ့ပြီး ဇူလိုင်လက လွတ်ငြိမ်းချမ်းသာနှင့် ပြန်လွတ်လာသောကြောင့် ယခုကဲ့သို့ လုယက်မှုများ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်နိုင်သည်ဟု သူကသုံးသပ်သည်။
လုယက်သူများသည် အသက်အန္တရာယ်ပြုနိုင်သည့် လက်နက်များ ကိုင်ဆောင်ကာ နည်းပေါင်းစုံနှင့် လုယက်နေကြသည်ဟု နမ္မဖြစ်ဒေသခံတစ်ဦးကပြောသည်။
“သိပ်မကြာခင်ရက်ပိုင်းကပဲ ည ၈ နာရီ ဆိုင်ကယ်ပျက်ချင်ရောင်ဆောင်ပြီး ဆိုင်ကယ်တားတာ၊ ဆိုင်ကယ် အရှိန်လျော့တော့ ဓားနဲ့ သေနတ် ထုတ်တာမြင်တော့ မရပ်ဘူးဆိုပြီး မောင်းတာတဲ့ အဲဒါကို သေနတ်ဒင်နဲ့ ရိုက်ခံလိုက်ရပေမယ့် လွှတ်သွားလို့တော်သေးတယ်၊ ဒီလူတွေက နှစ်နဲ့ချီပြီ ဒုက္ခ ပေးတာ” ဟုသူကပြောသည်။
နမ္မဖြစ်နှင့် လုံးခင်းကြားရှိ လမ်းတစ်လျောက် နေရာ ၇ နေရာခန့်တွင် ဩဂုတ်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း လုယက်မှု (၁၀) ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အုပ်စုဖွဲ့လုယက်ခြင်းဖြစ်သည်ဟု ဖားကန့်မြို့ရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောပါသည်။
“သူတို့က အဖွဲ့နဲ့ ဆက်တိုက်လည်းဖြစ်တယ် ရက်ခြားလည်းဖြစ်တယ်။ နေရာတွေက ဟိုနေရာလှုပ်ရှားလိုက် ဒီနေရာလှုပ်ရှားလိုက်နဲ့ လူပြတ်တဲ့ အချိန်တွေမှာဖြစ်လာတာပေါ့၊ တရားခံမိတာက တစ်ကြိမ်မှ မရှိသေးလို့လေ။ သေဆုံးမှုတွေတော့ မရှိဘူး လုပ်တာတော့ အသေလုပ်တာပဲ၊ ကွဲတာ ပြဲတာ ရိုက်တာတို့ ဓားနဲ့ခုတ်တာတို့ပေါ့” ဟုသူကပြောသည်။
လမ်းသွားလမ်းလာပြည်သူများတွင် ပါရှိသည့် ဆိုင်ကယ်၊ ကျောက်စိမ်းနှင့် အဖိုးတန်ပစ္စည်းများကို လုယက်ကြပြီး ည ၈ နာရီနှင့် ၉ နာရီအတွင်း အများဆုံးဖြစ်ပွားလေ့ရှိကြောင်း သူကဆက်ပြောသည်။
လုယက်ခံရသူ အများစုမှာ အလုပ်ရှုပ်သောကြောင့်ဟုဆိုကာ ပြန်လည်တရားစွဲဆိုခြင်း၊ အမှုဖွင့် တိုင်ကြားခြင်များ မပြုလုပ်ကြောင်း သိရသည်။

အသက်အန္တရာယ်စိုးရိမ်ရသော လုယက်မှုများ ပိုမိုများပြားလာသောကြောင့် ပြည်သူများအနေနှင့် စိုးရိမ်မှုများ ရှိနေပြီး လူပြတ်သောနေရာများတွင် သွားလာမှုကို သတိထားရန် အချင်းချင်းသတိပေးမှုများ ပြုလုပ်နေကြရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ