မြစ်ကြီးနား ရမ်ပူရပ်ကွက်မှ ရေဘေးသင့် ပြည်သူများကို စားနပ်ရိက္ခာများ သွားရောက် ကူညီ

မြစ်ကြီးနားမြို့ ၊ ရမ်ပူရပ်ကွက်တွင် ရေကြီးရေလျှံမှုကြောင့် အသွားအလာ ခက်ခဲနေသော ရေဘေးသင့်ပြည်သူများကို ဩဂုတ်လ ၁၄ ရက်နေ့က အလင်းရောင်သစ် ပရဟိတအဖွဲ့က စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

မြစ်ကြီးနား ရမ်ပူရပ်ကွက်မှ ရေဘေးသင့် ပြည်သူများကို စားနပ်ရိက္ခာများ သွားရောက် ကူညီ

 

ရမ်ပူရပ်ကွက် နယ်မြေ ၁၃ နှင့် နယ်မြေ ၁၉ ရှိ နေအိမ်များတွင် လိုအပ်သည့် စားနပ်ရိက္ခာများကို ကူညီခဲ့ကြောင်း အလင်းရောင်သစ် ပရဟိတ ခေါင်းဆောင်တစ်ဦးက The 74 Media ကိုပြောသည်။
“တချို့ဆို ကလေးငယ်တွေရှိလို့ သွားလာရေးခက်ခဲပြီး စားသောက်ဖို့ အဆင်မပြေဘူးတဲ့။ ဟင်းချက်စရာလေးတွေလိုတာပါ ပြောပါတယ်၊ အဲ့ဘက်က ချိုင့်ကျတာလည်းဖြစ်လို့ မိုးရေကြောင့် အခက်အခဲဖြစ်နေတာပါ နှစ်တိုင်းဒီလိုဖြစ်တယ်” ဟု ပြောသည်။
အိမ်ထောင်စု ၂၆ စုကို ဟင်းသီးဟင်းရွက်၊ ဘာလချောင်ကြော်၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ ငပိထောင်း၊ ငံပြာရည်ကြော်၊ ရှူးရှဲလက်ဖက်ထုပ်နှင့် နှာခေါင်းစည်းများလှူဒါန်းခဲ့သည့်အပြင် ဆေးဝါးများလည်း ထပ်မံ လှူဒါန်းရန်ရှိကြောင်းလည်း သူကပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ရမ်ပူရပ်ကွက် နယ်မြေ ၁၃ နှင့် နယ်မြေ ၁၉ တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကာ နေအိမ်များ ရေနစ်မြှပ်ခဲ့ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ