ဖားကန့် လဝါးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာအနီး ဩဂုတ်လ ၄ ရက်နေ့ ၊ ည ၁၁ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း မိုင်းနင်းမိ၍ အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖားကန့် လဝါးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာရ

 

မဂေါင်းကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရေးလှုပ်ရှားလာချိန်တွင် ကေအိုင်အေမှ ထောင်ထားသော မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်သားတွေက ညမိုးချုပ်ချိန် ရွာကနေ ထွက်သွားတဲ့အချိန် နာရီဝက်လောက်အကြာမှာ ရွာစွန်က ကေအိုင်အေက ထောင်ထားတဲ့ မိုင်းနှင်းမိသွားပြီး ပြန်လှည့်လာတာ ကျောင်းမှာ လာနေနေတာပေါ့၊ စစ်တပ်ဘက်က ၆ ယောက်လောက် ထိတယ်လို့ တော်တော်လေး ဆိုးဆိုးရွားရွားထိခိုက်တဲ့သူတွေလည်း ပါသေးတယ်လို့ ပြောတယ်၊ စစ်တပ်ဘက်က မိုင်းကွဲတော့ သူတို့ဟာ သူတို့ ရမ်းသမ်းပစ်တာတာတွေလည်း လုပ်လိုက်သေးတယ်” ဟု သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာမှ ငါးကန်တွင် ငါးမြှားနေသူနှစ်ဦးကိုလည်း လမ်းပြအဖြစ်ခေါ်သွားပြီး ထိုသူနှစ်ဦးသည်လည်း ထိခိုက်က်ဒဏ်ရာရရှိခဲ့ကြောင်း သူကဆက်ပြောသည်။

“ ရွာနားက ငါးကန်မှာ ငါးမြှားနေတဲ့ အသက် ၄၀ နဲ့ ၅၀ အရွယ် အမျိုးသားနှစ်ယောက်က စစ်သားတွေ တောကထွက်လာတာနဲ့ တိုးပြီး လမ်းပြလုပ်ခိုင်းလို့ လိုက်သွားရတာတဲ့၊ အဲ့ဦးလေးနှစ်ယောက်ကို သူတို့ အရှေ့ကနေ သွားခိုင်းတယ်တဲ့ အဲ့တာ ရှေ့ကသွားရတဲ့ တစ်ယောက်က မိုင်းနှင်းမိတာ ခြေထောက်မှာရော ထိတယ်၊ ကိုယ်မှာရော နည်းနည်းထိတယ် သူတို့အဖွဲ့မှာ ဆေးဆရာပါတယ်၊ စစ်သားတွေကိုတော့ ကုပေးတယ် ဒါပေမယ့် အဲ့ဦးလေး နှစ်ယောက်ကိုက ဒီမနက်ထိ ဆေးထိုးပေးတာတွေ ကုပေးတာတွေ မရှိသေးဘူးတဲ့” ဟုသူကပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံပြည်သူနှစ်ဦးမှာ လက်ရှိအချိန်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မဂေါင်းတောင်ကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသောကြောင့် ဒေသခံပြည်သူများက ဟင်းစားရှာရန်လည်း မသွားရဲဘဲ စိုးရိမ်မှုများရှိနေသည်ဟု သိရသည်။

ကချင်ပြည်နယ် ကာမိုင်းမြို့အဝင်ရှိ ကာမိုင်း – လဝါးလမ်းစုံရှိ စစ်ကောင်စီ စုပေါင်းဂိတ်ကို ဇူလိုင် ၂၂ ရက်နေ့တွင် ကေအိုင်အေနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ