စစ်ရှောင်တွေကို ဒုက္ခပေးနေတဲ့ စောရများ
ချုံနွယ်ပိတ်ပေါင်းများဖြင့် ဖုံးလွှမ်းနေပြီး တိုက်ပွဲကြောင့် ကာလကာရှည်စွာ လူသူနေထိုင်ခြင်းမရှိသည့် ဂါးရာယန်ကျေးရွာတွင် ဟိုက်ဂျက်အမျိုးအစား အသေးစားကုန်တင်ယာဉ်တစ်စီး ထူးဆန်းစွာရပ်ထားသည်။

စစ်ရှောင်တွေကို ဒုက္ခပေးနေတဲ့ စောရများ

 

ကုန်တင်ကားဖြစ်နေသည့်အပြင် လမ်းဘေးရှိ နေအိမ်တစ်လုံးရှေ့၌ ရပ်ထားသောကြောင့် လမ်းသွားလမ်းလာ ဒေသခံများက မသင်္ကာသဖြင့် ကျေးရွာကော်မတီထံသို့ ဖုန်းဆက်အကြောင်းကြားလိုက်သည်။

“ဆရာတို့ အရေးကြီးလို့ လာခဲ့ကြပါဦး”

ဂါးရာယန်ကျေးရွာကော်မတီဝင်များ ရောက်ရှိလာချိန်တွင် အဆိုပါ ကားအတွင်း၌ သံဖြတ်လွှ ၈ ခုကိုရှိနေပြီး အိမ်အောက်ထပ်တွင်မူ စနစ်တကျ ဖြတ်တောက်ထားသည့် လက်ရန်းသံပန်းများနှင့်အတူ အသက် ၃၅ အရွယ်ခန့် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့သည်။

 

နေအိမ်အပေါ်ထပ်ရှိ လျှောက်လမ်းမှ လက်ရန်းသံပန်းများ ပျောက်ဆုံးနေပြီး အနီးရှိ အိပ်ခန်းတစ်ခန်း အတွင်းမှာလည်း လောလောလတ်လတ် စွန့်ထားသည့် မစင်ပုံကိုလည်းတွေ့ရသည်။

“အိမ်ရှင် ခိုင်းလိုက်လို့ လာလုပ်တယ်ပြောတယ်။ ကျွန်တော်တို့လည်း အိမ်ရှင်ကို ဖုန်းဆက်ကြည့်တော့ မခိုင်းဘူးလို့ပြောတယ်။ သေချာ စစ်မေးကြည့်လိုက်တော့မှ ခိုးတယ်ဆိုပြီး ဝန်ခံတယ်” ဟု ကျေးရွာကော်မတီဝင်တစ်ဦးက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

 

ပိုင်ရှင်မရှိ၊ စောင့်ကြည့်သူမရှိခြင်းကို အခွင့်ကောင်းယူ၍ နေအိမ်မှ လက်ရန်းသံပန်းများကို အေးအေးလူလူ ဖြတ်ယူခိုးနေသည့်အပြင် အိပ်ခန်းအတွင်း၌ မစင်ပါစွန့်ထားခဲ့ခြင်းဖြစ်သည်။

ခိုးယူသူမှာ မိုင်များစွာကွာဝေးသည့် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်မှ မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ ဂါးရာယန်ကျေးရွာအထိ လာရောက် ခိုးယူခဲ့ခြင်းဖြစ်သည်။

 

လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့သော ထိုအမျိုးသားကို လက်ရန်းသံပန်းများ မူလအတိုင်း ပြန်လည်တပ်ဆင်ပေးရန်၊ မစင်စွန့်ခဲ့သော အခန်းကို သန့်ရှင်းရေးပြန်လုပ်ပေးရန်နှင့် ဒဏ်ငွေ သုံးသိန်း ပေးဆောင်ရန် ကျေးရွာကော်မတီက ပြစ်ဒဏ်ပေးခဲ့သည်။

၂၀၁၁ ခုနစ်က စစ်ကောင်စီတပ်နှင့် ကေအိုင်အေအကြား တိုက်ပွဲကြောင့် ဂါးရာယန်ကျေးရွာမှ ပြည်သူများသည် ၎င်းတို့၏ အိုးအိမ်များကို စွန့်ပစ်၍ စစ်မက်ဖြစ်ပွားခြင်းမရှိသည့် ဒေသအသီးသီးသို့ထွက်ပြေးခဲ့ကြသည်။

ထို့သို့ အိမ်ပိုင်ရှင်များမရှိခြင်းကို အခွင့်ကောင်းယူ၍ စစ်ရှောင်များ၏ အိမ်တွင်းပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်စီးခြင်း၊ ကျွဲ နွားများအပြင် အိမ်တံခါးနှင့် အိမ်ခေါင်မိုး(သွပ်မိုး) အထိ ခိုးယူခံရလေသည်။

ထို့ကြောင့် စစ်ရှောင်စခန်းအသီးသီးတွင်ရောက်ရှိနေသော ဂါးရာယန်ပြည်သူများက ကျေးရွာကို ပြန်လည်ထူထောင်ရန်နှင့် စောင့်ကြည့်ရန်အတွက် ၂၀၂၁ခုနှစ် ဇွန်လအတွင်းက ကျေးရွာလုံခြုံရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

အဆိုပါလုံခြုံရေးကော်မတီ လုပ်ငန်းစတင်သည့် အချိန်မှစ၍ ဂါးရာယန်ကျေးရွာအတွင်းမှ ပစ္စည်းများကို ခိုးယူနေစဉ် ဖမ်းမိခဲ့သူ ၄၀ ဦးဝန်းကျင်ခန့်ရှိပြီဖြစ်သည်။ ကျေးရွာကော်မတီမှ အချိန်ပြည့် စောင့်ကြည့်နိုင်လျှင် ထိုထက်မက ဖမ်းဆီးနိုင်လိမ့်မည်ဖြစ်သည်။

လက်ရှိ အချိန်တွင်မူ စစ်ရှောင်များ၏ အိမ်တွင်းပစ္စည်းများ၊ အိမ်ခေါင်မိုးနှင့် အိမ်တံခါးများ ကုန်သလောက်ရှိနေပြီ ဖြစ်သော်လည်း ကျန်ရှိနေသေးသော ပစ္စည်းများကို ဆက်လက် ခိုးယူရန်ကြိုးပမ်းနေသူများ ရှိနေဆဲဖြစ်သည်။

သစ်ပင်များလည်း ခိုးယူခံရ

ဂါးရာယန်စစ်ရှောင်များသည် နေအိမ်ကို စွန့်ပစ်ခဲ့ရသည်မှာ ၁၀နှစ်ကျော်ပြီဖြစ်သည်။ စစ်မရှောင်ခင်က နေအိမ်အတွင်း စိုက်ပျိုးခဲ့သော သစ်ပင်များသည် လက်ရှိအချိန်တွင် သစ်ပင်ကြီးများဖြစ်လာပြီး အဖိုးတန်သစ်ပင်များဖြစ်လာခဲ့ပြီး သူခိုးများ သို့မဟုတ် စောရများအတွက် သွားရည်ကျစရာ ဖြစ်လာခဲ့သည်။

လက်ရှိအချိန်တွင် ဂါးရာယန်စစ်ရှောင်များ၏ အိမ်ဝင်းအတွင်းက သစ်ပင်ပေါင်း ၅၀ ထက်မနည်း အခိုးခံခဲ့ရပြီးဖြစ်သည်။

The 74 Media က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း မြေပြင်တွင် သတင်းထောက်လှမ်းစဉ် သစ်ပင်အောက်ခြေတွင် တစ်ဝက်ခန့် ဖြတ်တောက်ထားပြီး ခိုးယူရန် ပြင်ဆင်ထားသော သစ်ပင်ကိုလည်း မှတ်တမ်းယူနိုင်ခဲ့သည်။ ထိုအပင်သည် လုံးပတ် ၉ပေခန့်ရှိသော သစ်ပင်ဖြစ်သည်။

ကျေးရွာအတွင်း သစ်သူခိုးများ ခုတ်ယူသွားသောကြောင့် ပင်စည်အငုတ်သာကျန်နေသည့် သစ်ပင်များကိုလည်း တွေ့ရခဲ့ပြီး ခိုးယူသူများက ကားလမ်းပင်ဖောက်ကာ ချောချောမွေ့မွေ့ဖြင့် ခိုးယူခဲ့ခြင်းဖြစ်သည်။

သစ်ပင်များနှင့် ဝါးပင်များကို ခုတ်ယူခြင်း၊ ခိုးယူခြင်း မပြုလုပ်ရန်အတွက် ကျေးရွာလမ်းမတွင် သတိပေးဆိုင်းဘုတ်များကို ဂါးရာယန်လမ်းမတစ်လျှောက်တွင် ချိတ်ဆွဲထားသော်လည်း သစ်သူခိုးများက မမှုချေ။

စစ်ရှောင်များ၏ ပြောပြချက်အရ ၎င်းတို့နေရပ်ပြန်ချိန်တွင် အဆိုပါ သစ်ပင်များကို အသုံးပြုပြီး ပျက်စီးသွားသော နေအိမ်များကို ဆောက်လုပ်ရန် မျှော်လင့်ထားသော်လည်း သစ်သူခိုးများကြောင့် မျှော်လင့်ချက်များ ပျက်စီးသွားခဲ့သည်။

ရာသီပေါ်အသီးများနှင့် ဟင်းသီးဟင်းရွက်များလည်းမကျန် ခိုးယူ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တညှင်းသီးခိုးယူခဲ့သော အမျိုးသားတစ်ဦးကို ကျေးရွာလုံခြုံရေးကော်မတီက ဖမ်းမိခဲ့သည်။ ထိုအမျိုးသားသည် တညှင်းသီး ခူးယုံမကပဲ အပင်ကိုပါ ခုတ်နေခြင်းဖြစ်သည်။ ကော်မတီက ခံဝန်ကတိထိုးခိုင်းကာ ဒဏ်ငွေပေးဆောင်ခိုင်းခဲ့ကြောင်းသိရသည်။

တညှင်းသီးပင်မကပဲ အခြားရာသီပေါ်သီးနှံများဖြစ်သည့် ပိန္ဒဲသီး၊ မျှစ်၊ မက်လင်သီးများအပါအဝင် ဟင်းသီးဟင်းရွက်များကို ခိုးယူသူ အများအပြားကို ကျေးရွာကော်မတီက ဖမ်းဆီးခဲ့သည်။ တစ်ဦးဆိုလျှင် ၃ ကြိမ်ထက် မနည်း ဝင်ခိုးခဲ့ကြောင်း ဝန်ခံခဲ့သည်။

နေအိမ်တွင် စားသုံးရန် ခူးယူသူများထက် စီးပွားဖြစ်ပြန်လည်ရောင်းချရန် ဂုံနီအိတ်လိုက် ခူးယူသူများလည်းရှိနေသည်။

ဂါးရာယန်ကျေးရွာရှိ ရာသီပေါ်အသီးပင်များနှင့် ဟင်းသီးဟင်းရွက်များသည် သဘာဝအတိုင်းပေါက်နေသော အပင်များမဟုတ်ပဲ နေအိမ်အတွင်း စိုက်ပျိုးထားသော အပင်များဖြစ်သည်။

၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် တိုက်ပွဲငြိမ်သက်ခဲ့သောကြောင့် စစ်ရှောင်အချို့သည် ၎င်းတို့၏ မူလကျေးရွာသို့ပြန်ပြီး ဝမ်းစာအတွက် ယာခင်းနှင့် ဥယျာဉ်ခြံမြေလာရောက်လုပ်ကိုင်သူများလည်းရှိသည်။

“ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအရ သွားနိုင်လာနိုင်၊ လုံခြုံတယ်လို့ ကိုယ့်စိတ်ထဲမှာ ထင်တဲ့ ယာခင်းတို့၊ ဥယျာဉ်ခြံတို့လုပ်ကိုင်ရင်းနဲ့ သွားလိုက်ပြန်လာလိုက်နဲ့ပေါ့။ အပြီးအပိုင် စစ်ရှောင်စခန်းကနေ ရွာကို ပြန်တယ်ဆိုတာတော့ မရှိသေးဘူး” ဟု ကျေးရွာကော်မတီဝင်တစ်ဦးကဆိုသည်။

ထို့ကဲ့သို့ စစ်ရှောင်များ စိုက်ပျိုးထားသော ရာသီပေါ်သီးပင်များနှင့် ဟင်းသီးဟင်းရွက်များကို တန်ဖိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပိုင်ရှင်ခွင့်ပြုချက်မရဘဲ ခူးယူသူများသည် ခိုးမှုမြောက်သည်ဟုဆိုနိုင်သည်။

ဘယ်သူတွေ ခိုးယူနေသလဲ

ဂါးရာယန်ကျေးရွာလုံခြုံရေးကော်မတီ စဖွဲ့ချိန်မှစ၍ စစ်ရှောင်များ၏ အိမ်တွင်းပစ္စည်းများ၊ ရာသီပေါ်အသီးပင်များကို ခိုးယူခဲ့သူ ၄၀ ဦးခန့်ရှိပြီဖြစ်သည်။ အဖွဲ့လိုက် ခိုးသူများရှိသကဲ့သို့ တစ်ဦးတည်း ခိုးသောသူများလည်းပါဝင်သည်။

ခိုးယူသူများ၏ ထွက်ဆိုချက်အရ “ရွာပျက်ထင်လို့”၊“စားဖို့ယူတယ်”၊ “မသိလို့ခိုးမိပါတယ်”၊ “ပိုင်ရှင်ကိုရှာသေးတယ်၊ ပိုင်ရှင်မရှိလို့ ယူလိုက်မိတယ်” စသဖြင့် ထွက်ဆိုကြသည်။

လာရောက်ခိုးယူသူ အများစုမှာ တရုတ်သစ်သျှူးငှက်ပျောခြံများတွင် လာရောက်လုပ်ကိုင်သူများ၊ လမ်းလုပ်သားများ၊ အနီးအနားရှိကျေးရွာမှပြည်သူများ နှင့် မြစ်ကြီးနားမြို့တွင် နေထိုင်သူများလည်း ပါဝင်သည်။

“ရည်ရွယ်ချက်ရှိရှိနဲ့ အဝေးကလာခိုးတဲ့သူတွေလည်းရှိတယ်။ တချို့ကြတော့ စီးပွားရေးအရ ခိုးတဲ့သူတွေရှိသလို၊ တချို့ကတော့ အသွားအလာ လူခြေတိတ်ချိန်မှာ ဝင်ခိုးတဲ့သူတွေလည်းရှိတယ်” ဟု ကျေးရွာကော်မတီဝင် တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဖမ်းဆီးရမိသော်လည်း ရဲလက်ထဲသို့ အပ်ခြင်းမရှိပေ။ ရဲစခန်းနှင့် အလှမ်းဝေးခြင်းအပြင် ရဲအရေးပိုင်သော ပြစ်မှုကြီးများမရှိသေး၍ ရဲစခန်းထံအကြောင်းကြားခြင်းမျိုးမရှိသေးကြောင်း ကော်မတီတစ်ဦးက လက်ရှိအခြေအနေကို ပြောသည်။

ဖမ်းဆီးရမိသော သူများကို ခံဝန်ကတိဖြင့် ကြေအေးပေးခြင်း (သို့မဟုတ်) ဒဏ်ငွေဆောင်ခိုင်းခြင်း (သို့မဟုတ်) ပေါင်းရှင်းခိုင်းခြင်းများဖြင့် ကျေးရွာကော်မတီက ပြစ်ဒဏ်ပေးနေသည်။

စာနာစိတ်ထားစေချင်

၂၀၁၁ခုနစ် တစ်ကျော့ပြန်စစ်ပွဲကြောင့် ဂါးရာယန်ကျေးရွာမှ စစ်ရှောင်ပြည်သူများသည် ဒေသအသီးသီးရှိ စစ်ရှောင်စခန်းများတွင် အခက်အခဲပေါင်းစုံဖြင့် ခိုလှုံနေကြသည်။ အိမ်ပိုင်ယာပိုင်များဖြစ်သော်လည်း ၎င်းတို့၏ ပိုင်ဆိုင်မှုအားလုံးကို ချန်ထားကာ အသက်လုထွက်ပြေးလာခဲ့ကြသူများဖြစ်သည်။

လုံခြုံသည့်အခြေအနေမရှိသေးသောကြောင့် နေအိမ်ပြန်ခွင့်မရသေးသော်လည်း စစ်ရှောင်ပြည်သူအားလုံး၏ ဆန္ဒမှာ နေရပ်တွင် ပြန်လည် အခြေချနေထိုင်ရေးဖြစ်သည်။

နေရပ်တွင် ပြန်လည်အခြေချလိုသော်လည်း လက်ရှိအချိန်တွင် စစ်ရှောင်များ၏ နေအိမ်များသည် ဖျက်စီးခံရခြင်းနှင့် အိမ်တွင်း ပစ္စည်း ခိုးယူခံရခြင်း၊ သဘာဝဒဏ်ကြောင့် ပျက်စီးယိုယွင်းနေသည့် အိမ်ပျက်များအဖြစ် ဝမ်းနည်းဖွယ်ရာတွေ့မြင်နေရသည်။

စစ်ရှောင်များ၏ မူလနေရပ်ရှိ နေအိမ်များမှ ပစ္စည်းခိုးခံရခြင်း၊ ဖျက်စီးခံရခြင်းသည် ဂါးရာယန်ကျေးရွာ တစ်ခုတည်းတွင် ဖြစ်ပျက်နေခြင်းမဟုတ်ပါ။ ကချင်ပြည်နယ်ရှိ စစ်မက်ဖြစ်ပွားရာ ဒေသအသီးသီးတွင် အလားတူဖြစ်စဉ်မျိုးဖြစ်ပျက်နေသည်။

စစ်ရှောင်အများစုသည် ၎င်းတို့၏ နေရပ်ဒေသမှ နေအိမ်အတွင်း ပစ္စည်းခိုးခံရခြင်း၊ ဖျက်စီးခံရခြင်း၊ ကျွဲနွား တိရစ္ဆန်များခိုးယူခံရခြင်း၊ သစ်ပင်များအပြင် သီးနှံများပင် ခိုးယူခံနေရသောကြောင့် စိတ်မကောင်းဖြစ်နေကြသည်။

စစ်ရှောင်များသည်(၁၀)ပေပတ်လည် အခန်းတွင် တစ်သက်လုံးနေထိုင်သွားမည့် သူများမဟုတ်ကြပါ။ နိုင်ငံရေးအခြေအနေကောင်းလာခဲ့လျှင် ၎င်းတို့၏ နေရပ်ဒေသတွင် ပြန်လည်နေထိုင်မည့်သူများဖြစ်သည်။

ထို့ကြောင့် စစ်ရှောင်များ၏ နေအိမ်အတွင်းရှိ ပစ္စည်းများ၊ သစ်ပင်များနှင့် ရာသီပေါ်သီးနှံများကို ခိုးယူခြင်း၊ ဖျက်စီးခြင်းများ မပြုလုပ်ပေးပါက စစ်ရှောင်များကို တစ်ဖက်တစ်လမ်းမှ ကူညီရာရောက်မည်ဖြစ်သည်။

“ကျွန်မတို့စစ်ရှောင်တွေ ပိုင်ဆိုင်တာဆိုလို ဒါတွေပဲရှိတဲ့အတွက် ကျွန်မတို့ရဲ့ အိမ်ကပစ္စည်းတွေကို ဆက်ပြီး မခိုးပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးကပြောသည်။

 

Photo : Gara Yang Nsen

သင့်ထင်မြင်ချက်ရေးပေးပါ