မြစ်ကြီးနားအကျဉ်းထောင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်တွင် ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူတစ်ဦးရှိနေပြီး အကျဉ်းကျနေသူနှင့် ဝန်ထမ်းအများအပြားလည်း ကူးစက်ခံနေရကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။

မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် အမျိုးသားတစ်ဦး ကိုဗစ်၁၉ ဖြင့် သေဆုံးသွားပြီး အကျဉ်းကျနေသည့်ပြည်သူများနှင့် ထောင်ဝန်ထမ်းများလည်း ကူးစက်ခံထားရကြောင်း အမည်မဖော်လိုသော အကျဉ်းထောင်ဝန်ထမ်းများနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ထောင်ထဲမှာ ရောဂါဖြစ်တာမှန်တယ်။ ကိုဗစ်ကြောင့် သေဆုံးသူ ၁ ယောက်ရှိတယ်။ အကျဉ်းသား အသက် ၅၃နှစ် ကချင်၊ ခရစ်ယာန်၊ covid နဲ့ဆုံးတယ်။ အကျဉ်းကျနေတဲ့ထဲက ၂၀ ခန့်နဲ့ ထောင်ဝန်ထမ်း ၁၀ ဦးခန့် ရောဂါဖြစ်နေကြတယ်” ဟုပြောသည်။

အဆိုပါသတင်းရင်းမြစ်၏ ပြောဆိုချက်အရ မြစ်ကြီးနားအကျဉ်းထောင်တွင် ကိုဗစ်ကူးစက်သူ ၃၀ ဦးခန့်ဟုပြောဆိုနေသော်လည်း နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကမူ ထိုထက်မကဘဲ အကျဉ်းသားအားလုံးနီးပါး အနံ့ပျောက်နေကြောင်း The 74 Media ကိုပြောသည်။

“ထောင်ထဲမှာ ကိုဗစ်က အတော်ဆိုးနေတယ်လို့ပြောတယ်။ အကုန်အနံ့ပျောက်ကုန်တယ်လို့လည်း ပြောတယ်။ အကုန်လို့ပြောတယ်ဗျ။ ထောင်သားတွေ ကုပေးဖို့နေနေသာသာ ထောင်ဝန်ထမ်းတွေ ကိုဗစ်ဖြစ်တာတောင် ခွင့်မရပါဘူး။ နေ့တစ်ပိုင်းနားခိုင်းပြီး အလုပ်ပြန်ဆင်းခိုင်းပါတယ်။ ထောင်ဝန်ထမ်းတောင် ဖျားရင် ခွင့်မပေးပါဘူး။ ထောင်သားမပြောနဲ့ ထောင်ဝန်ထမ်းတောင် အခွင့်အရေးအပြည့်အဝမရဘူးလို့ပြောတယ်” ဟု ဆိုသည်။

အကျဉ်းသား ၁၂၀၀ ခန့်ရှိသည့် မြစ်ကြီးနားအကျဉ်းထောင်တွင် ကိုဗစ်၁၉ ရောဂါကူးစက်ခံရသူအများအပြားရှိသော်လည်း ကုသပေးမည့် ဆရာဝန်တစ်ဦးနှင့် သူနာပြုတစ်ဦးသာရှိသည်ဟု သူက ဆက်ပြောသည်။

မြစ်ကြီးနားအကျဉ်းထောင်တွင် ဩဂုတ်လ ၂ ရက်နေ့က အကျဉ်းသူ ၁၇၀ ဦးနှင့် အကျဉ်းသား ၇၄၉ ဦးတို့အား ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း စစ်ကောင်စီ၏ပြန်ကြားရေးက ထုတ်ပြန်ထားသော်လည်း အဆိုပါသတင်းရင်းမြစ်၏အဆိုအရ ကူးစက်ခံထားရသူများကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနေသေည်ဟု ရင်းမြစ်အချို့က ပြောသည်။

အကျဉ်းထောင်အတွင်း ကျန်းမာရေးအခြေအနေဆိုးဝါးနေသူများနှင့် ကိုဗစ်ကူးစက်ခံထားရသူများသည် ကျန်းမာရေးစောင့်ရှောက်ခံရမှု ရှိ၊ မရှိကိုမူ The 74 Media က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဓါတ်ပုံ – ဩဂုတ်လ ၂ ရက်နေ့က မြစ်ကြီးနား အကျည်းထောင်တွင် စစ်ကောင်စီအဖွဲ့မှ လှည့်လည်ကြည့်ရှုစစ်ဆေးနေစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ