ဗန်းမော် ပင်စင်ကုန်းရပ်ကွက်ရှိ မိဘမဲ့ဂေဟာတွင် ကိုဗစ်၁၉ ရောဂါကူးစက်ခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ပင်စင်ကုန်းရပ်ကွက်ရှိ ရောဘတ်နှစ်ခြင်းခရစ်ယာန် မိဘမဲ့ဂေဟာမှ ဝန်ထမ်းနှင့် ကလေးသူငယ် ၄၇ ဦးတို့တွင် ကိုဗစ်၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်၁၉ ရောဂါလက္ခာဖြင့် ဇူလိုင်လ ၃၁ ရက်နေ့က လူငယ်တစ်ဦးသေဆုံးခဲ့ပြီးနောက် ဂေဟာရှိ ကျောင်းသူ၊ ကျောင်းသားနှင့် ဝန်ထမ်းမိသားစုအားလုံး စစ်ဆေးမှုပြုလုပ်ခဲ့ရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဂေဟာမှူးက The 74 Media ကိုပြောသည်။
“ဝန်ထမ်းရော ကျောင်းသား၊ကျောင်းသူတွေရော အားလုံး ၈၆ ယောက်စစ်တယ်။ အဲ့ထဲက ထမင်းချက်တဲ့သူနဲ့ မိန်းကလေးဆောင်ဘော်ဒါအုပ်အပါ ကျောင်းသူ ၁၇ ယောက်၊ ယောက်ျားလေးတော့ ၂၈ ယောက်ပိုးတွေ့တယ်။ ၄၇ ယောက်တွေ့တာပေါ့” ဟုသူကပြောသည်။
ဂေဟာတွင် နေရာထိုင်ခင်း အခက်အခဲကြောင့် ပိုးတွေ့လူနာများနှင့် ပိုးမတွေ့ရှိသူများသည် ခြံဝင်းတစ်ခုထဲ၌သာ အတူပေါင်းနေ၍ အခန်းသာခွဲထားနိုင်ကြောင်း သူကဆက်ပြောသည်။
ဂေဟာတွင် ဇူလိုင်လ ၃၀ ရက်နေ့ စစ်သည့် သုံးဦးတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့၍ ပိုးတွေ့စုစုပေါင်း ၅၀ ရှိပြီး အသက် ၁၀ နှစ်အရွယ် ကျောင်းသားတစ်ဦးပါဝင်ကြောင်း သိရသည်။
ရောဘတ်နှစ်ခြင်းခရစ်ယာန် မိဘမဲ့ဂေဟာနှင့် စစ်ရှောင်စခန်းတို့သည် ခြံဝင်းတစ်ဝင်းတည်းတွင် တည်ရှိသဖြင့် စစ်ရှောင်မိသားစုများအတွက် စိုးရိမ်မှုရှိသော်လည်း စခန်းရှိ စစ်ရှောင်ပြည်သူများကို ကိုဗစ်၁၉ ပိုး စစ်ဆေးပေးရန် မတတ်နိုင်ကြောင်း စခန်းတာဝန်ခံက The 74 Media ကိုပြောသည်။
“စိုးရိမ်တာတော့ အရမ်းစိုးရိမ်ပါတယ်။ ဒါပေမယ့် ဘာမှမလုပ်နိုင်ဘူးလေ။ IDPs တွေကိုတော့ သီးသန့် ပြန်စစ်ဖို့တော့ မတတ်နိုင်ဘူး။ အဲ့တော့ သူတို့ကိုချမှတ်ထားတဲ့ တရားကိုလိုက်နာပြီး အာဟာရရှိအောင် စားသောက်ဖို့ပဲ မှာထားတယ်ပေါ့။” ဟုသူကပြောသည်။
ဗန်းမော်မြို့နယ် ရောဘတ်စစ်ရှောင်စခန်းတွင် ယခုချိန်၌ အိမ်ထောင်စု နှစ်ထောင်ကျော်ရှိသည်ဟု သူကဆက်ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ လူမှုကူညီရေးအသင်းများ၏ ပြောပြချက်အရ ပိုးတွေ့လူနာစုစုပေါင်း ၇၀၄ ဦး နှင့် သေဆုံးသူ စုစုပေါင်း ၄၉ ဦး ရှိပြီး စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဩဂုတ်လ ၂ ရက်နေ့ထိ ပိုးတွေ့လူနာ စုစုပေါင်း ၆၄၂ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၂၁ ဦး ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ