ကြွေလွှင့်သွားသော ဘဝနှင့် ကွဲအက်သွားသော မိသားစု

“ငလမ ကလ တွေ”

 

“မင်းတို့ အိမ်တွေ မီးရှို့ပစ်မယ်”

 

လွန်ခဲ့သော လေးလခန့်က မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ ပြည်သူများ နားဖြင့်ဆတ်ဆတ်ကြားခဲ့ရသော အသံများဖြစ်သည်။

စစ်ကောင်စီတပ်က ရပ်ကွက်အတွင်း အကြမ်းဖက် ဝင်ရောက်ပစ်ခတ်ချိန်တွင် လူမျိုးရေးခွဲခြားသော စကားများ၊ ဆဲဆိုသံများနှင့်အတူ “အိမ်တွေ မီးရှို့ပစ်မယ်” ဟု ခြိမ်းခြောက်သွားခဲ့သည်။ ထိုအချိန်က ရမ်ပူရပ်ကွက်သည် ခံစစ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်နေသော အချိန်ဖြစ်သည်။

ထိုရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီက ရပ်ကွက်အတွင်း အကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် ကလေးတစ်ဦး၏ ပါးပြင်တွင် ရာဘာကျည် လေးချက်ခန့်နှင့် အမျိုးသမီးတစ်ဦး၏ ပေါင်တွင်လည်း ကျည်ထိမှန်ထားသည့်အပြင် နေအိမ်များကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသွားသည်။

ကြွေလွှင့်သွားသော ဘဝနှင့် ကွဲအက်သွားသော မိသားစု

ထို့ကြောင့် ရမ်ပူကွက်သစ်မှ ပြည်သူများက စိုးရိမ်သောကြောင့် ရပ်ကွက်အတွင်း လူအင်အားများဖြင့် လုံခြုံရေးချထားရသည်။

 

ထို့ကဲ့သို့ လုံခြုံရေးချထားပြီး သုံးရက်အကြာ မတ်လ ၃၀ ရက်နေ့တွင်မူ စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ရပ်ကွက်အတွင်းဝင်ရောက်ကာ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ စစ်ကောင်စီတပ်မှ ရပ်ကွက်အတွင်းဝင်ရောက်လာသည်နှင့်တပြိုင်နက် ခံတပ်များကို ဖြိုဖျက်ပြီး ကျည်အစစ်များဖြင့် စတင် ပစ်ခတ်ခဲ့သည်။

အကြမ်းဖက်ပစ်ခတ်လာသည်ကို မခံမရပ်နိုင်ဖြစ်သော ရမ်ပူရပ်ကွက်နေ ပြည်သူများကလည်း လေးဂွများဖြင့် ပြန်လှန်ပစ်ခတ်ခဲ့သည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်၏ အကြမ်းဖက် ပစ်ခတ်ချိန်တွင် ရှေ့ဆုံးမှနေ၍ တော်လှန်ခဲ့သူများထဲတွင် အသက် ၂၃နှစ်အရွယ် မျိုးမင်းသူ ဆိုသူလည်း ပါဝင်သည်။

“အဲ့ကောင်တွေ နောက်ဆုတ်သွားတဲ့အခါကျတော့ မျိုးမင်းသူက ရှေ့ကိုတက်လိုက်တယ်။ လေးခွတွေကြောင့် အဲ့မှာ သူတို့ကားမှန်ကွဲသွားတယ်။ ကားမှန်ကွဲသွားတော့ ကားထဲက စနိုင်ဘာသမား ပစ်လိုက်တယ် ထင်ပါတယ်။ မျိုးမင်းသူရဲ့ ဘယ်ဘက် နို့အုံဘေးနားကနေပြီးတော့မှ ကျောဘက်ကထွက်သွားတာ”ဟု တော်လှန်ရေးတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။

မျိုးမင်းသူသည် ရရှိခဲ့သော ကျည်ဒဏ်ရာဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် လမ်းမဘေးရှိ မြောင်းအတွင်း လှဲကျ သွားခဲ့သည်။ ပစ်ခတ်နေသည့်ကြားမှ ဆွေမျိုးတစ်ဦးက မျိုးမင်းသူကို သွားရောက်ဆွဲယူခဲ့သည်။

ငါးမိနစ်ခန့်ကြာပြီးနောက် သူ၏ အမျိုးသမီး ရောက်ရှိခဲ့သော်လည်း နှုတ်ဆက်စကားပင်မဆိုနိုင်ခဲ့ဘဲ လောကကြီးကို စွန့်ခွာသွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မျိုးမင်းသူ၏ ရုပ်အလောင်းကို လိုက်လံရှာဖွေရာတွင် မတွေ့ရှိသောကြောင့် ဆဲဆိုရမ်းကားပြီးနောက် အနီးတွင် ရပ်ထားသော ဆိုင်ကယ်မှ ဓါတ်ဆီထုတ်ယူကာ နေအိမ်တစ်လုံးကို မီးရှိုခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။

မျိုးမင်းသူ၏ ရုပ်အလောင်းကို စစ်ကောင်စီမှ လိုက်လံရှာဖွေနေသောကြောင့် ပြည်သူများက တစ်အိမ်ပြောင်း၊ တစ်အိမ်ရွှေ့ဖြင့် ဝှက်ထားခဲ့ရာမှ (၆) အိမ်မြောက်အထိ ဖြစ်သွားခဲ့သည်။ သို့သော်လည်း အောင်နန်းဗလီမှ ဘာသာရေးခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ၏ ကြားဝင်ငြှိနှိုင်းပေးမှုကြောင့် ရပ်ကွက်နေ ပြည်သူများနှင့် စစ်ကောင်စီအကြား “နှစ်နာရီ” ရင်ခွဲစစ်ဆေးရန် သဘောတူခဲ့ကြသည်။

နောက်တစ်နေ့ဖြစ်သည့် မတ်လ ၃၁ ရက်နေ့ နံနက် ၈နာရီကျော်တွင် စစ်ကောင်စီက ရုပ်အလောင်းလာ ယူသွားခဲ့သည်။ ရင်ခွဲစစ်ဆေးပြီးနောက် ၁၁ နာရီခွဲခန့်တွင် ပြန်ပေးအပ်ခဲ့သည်။ မျိုးမင်းသူ၏ ရုပ်အလောင်းကို သောင်းချီသည့် ပြည်သူများက လိုက်လံပို့ဆောင်ခဲ့ပေးပြီး သုဿာန်သွားရာ လမ်းမတစ်လျှောက်ရှိ ပြည်သူများက လက်သုံး​ချောင်းထောင်ကာ အလေးပြုခဲ့ကြသည်။

မျိုးမင်းသူသည် မတ်လ ၃၀ ရက်နေ့က ကျဆုံးသွားသည့်အတွက် ယနေ့ ဇူလိုင်လ ၃၀ တွင် လေးလပြည့်ခဲ့ပြီဖြစ်သည်။

စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကျဆုံးသွားသော မျိုးမင်းသူတွင် အမျိုးသမီးနှင့် အသက် သုံးနှစ်အရွယ် သမီးလေးတစ်ဦးကျန်ရှိနေသည်။ မျိုးမင်းသူသည် ဖုန်းပြင်ဆိုင်နှင့် လျှပ်စစ်ပစ္စည်းဆိုင် အသေးတစ်ခုကို ဖွင့်လှစ်ကာ မိသားစုဝမ်းရေးကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သူ ဖြစ်သည်။

ပြေလည်သော မိသားစုတော့ မဟုတ်ပါ။ မျိုးမင်းသူနှင့် နီးစပ်သူတစ်ဦးကတော့ ကချင်ဘာသာစကားဖြင့် “Dai ni galaw dai ni sha”ဟု ဆိုသည်။ ဒီနေ့အလုပ်လုပ်မှ ဒီနေ့စားရသူဟု အဓိပ္ပါယ်ရသည်။ ဖုန်းဆိုင်အတွက် အကြွေးဖြင့် ပစ္စည်းများဝယ်ကာ စီးပွားရေးလုပ်နေသူဖြစ်သည်။

ထိုဆိုင်ကလေးမှာ ယခုအချိန်အထိ ဖွင့်နိုင်ခြင်းမရှိသေးပေ။ နောင်လည်း ပြန်လည် ဖွင့်လှစ်ရန် မသေချာတော့ပါ။ လက်ရှိအချိန်တွင် အမျိုးသမီးနှင့် ကလေးဖြစ်သူတို့မှာ မျိုးမင်းသူ၏မိဘများထံတွင် နေထိုင်နေသည်။

သုံးနှစ်အရွယ် သမီးဖြစ်သူကလည်း နံနက်မိုးလင်းတိုင်း ဖခင်ဖြစ်သူအား တမ်းတနေသည်။ နေအိမ်သို့ အလည်အပါတ် လာရောက်သူများကိုလည်း ဖခင်၏အုတ်ဂူသို့ သွား၊ မသွား မကြာခဏ မေးမြန်းနေကြောင်း မျိုးမင်းသူနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ အိမ်သွားလည်ရင် ပါပါးဆီ သွားမှာလားဆိုပြီး အမြဲမေးနေလို့ ကျွန်တော်တို့တွေ အရမ်း စိတ်မကောင်းဖြစ်နေတယ်” ဟု ပြောသည်။

အမျိုးသမီးနှင့် သမီးလေးကို ကျွေးမွေးစောင့်ရှောက်၊ ကာကွယ်ပေးမည့် မိသားစု၏ ပဲ့ကိုင်ရှင်သည် လက်နက်အားကိုး စစ်အာဏာရှင်လက်ပါးစေတို့၏ အကြမ်းဖက်မှုကြောင့် အချိန်မတိုင်မှီ ကြွေလွှင့်ခဲ့ရသည်။

အစ္စလာမ်ဘာသာဝင်ဖြစ်သော မျိုးမင်းသူ၏ ရက်လည်ဆုတောင်းပွဲကို ကွယ်လွန်ပြီး သုံးလကျော်အကြာမှသာ ပြုလုပ်ပေးနိုင်ခဲ့သည်။ စစ်ကောင်စီတပ်၏ စောင့်ကြည့်နေမှုနှင့် ကိုဗစ်တတိယလှိုင်းကြောင့် ရက်လည်ဆုတောင်းပွဲကို တိတ်တဆိတ် အတိုချုံး ကျင်းပခဲ့ရသည်။

မျိုးမင်းသူ ကျဆုံးပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က မိသားစုဝင်များကို လာရောက် စောင့်ကြည့်နေခြင်း၊ ရပ်ကွက်အတွင်း သတင်းစုံစမ်းခြင်းများ ပြုလုပ်နေသောကြောင့် မိသားစုဝင်အချို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း မျိုးမင်းသူနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေသော နေရာတွင်လည်း စိုးရိမ်စိတ်များဖြင့် ပုန်းခိုနေထိုင်ခဲ့ရပြီး အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိသောကြောင့် မိသားစုအတွက် ဝင်ငွေခက်ခဲနေကြသည်။

“တိမ်းရှောင်နေရတဲ့အတွက် အလုပ်လည်းမလုပ်နိုင်တော့ဘူး၊ ငွေရေးကြေးရေးရော အတော်ခက်ခဲ နေကြတယ်”ဟု နီးစပ်သူတစ်ဦးကဆိုသည်။

မိသားစုဝင်တစ်ယောက်ဆုံးရှုံးခဲ့ရသည့်အပြင် မိသားစုဝင်များပင်လျှင် ထွက်ပြေးနေရသော အခြေအနေမျိုး ဖြစ်နေသည်။ နေအိမ်သို့ စိုးရိမ်စိတ်ကင်းစွာဖြင့် ပြန်နိုင်ပြီး လုပ်ကိုင်စားသောက်နိုင်မည့်နေ့ရက်ကို သူတို့ မျှော်လင့်နေသည်။ စိုးရိမ်မှုကင်းစွာဖြင့် ပြန်လာနိုင်ရန်မှာ စစ်အာဏာရှင်စနစ် ကျဆုံးပြီး နွေဦးတော်လှန်ရေးအောင်မြင်မှသာဖြစ်မည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဇူလိုင်လ ၂၉ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့သူ ၅၄၂၉ဦး နှင့် သေဆုံးသူ ၉၃၆ ဦးရှိကြောင်းသိရသည်။

နွေဦးတော်လှန်ရေးတွင် အသက်ပေးခဲ့ရသော မြန်မာနိုင်ငံမှ သူရဲကောင်း ၉၀၀ကျော်၏ မိသားစုဝင်များတွင်လည်း မျိုးမင်းသူ၏မိသားစုနည်းတူ ဒုက္ခကိုယ်စီဖြင့် ရင်ဆိုင်နေရမည်ဖြစ်သည်။ ထိုထဲတွင် မုဆိုးမဖြစ်သွားသူများ၊ မိဘမဲ့ဖြစ်သွားသူများ၊ သားသမီးဆုံးရှုံးလိုက်ရသူများ၊ ထွက်ပြေးတိမ်းရှောင်နေရသူများစွာရှိနေပေလိမ့်မည်။

နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်း ကျဆုံးသွားသော သူရဲကောင်းအားလုံး၏ မျှော်လင့်ချက်၊ မိသားစုဝင်တိုင်း၏ မျှော်လင့်ချက်မှာ စစ်အာဏာရှင်စနစ်ကျဆုံးပြီး နွေဦးတော်လှန်ရေးအောင်မြင်ရန်ဖြစ်သည်။

“အာဏာလုထားတဲ့ သူတွေကိုတွန်းလှန်ရင်း ကျဆုံးသွားတဲ့အတွက် မိဘရော၊ မိသားစုဝင်တွေပါ ဂုဏ်ယူနေပါတယ်။ နိုင်ငံအတွက် အသက်ပေးသွားတယ်လို့ပဲခံယူတယ်။ ဒါပေမဲ့ ရင်ထဲမှာတော့ အခုထိ နာကျင်နေတုန်းပဲ”ဟု မျိုးမင်းသူ၏ မိသားစုဝင်တစ်ဦးက တုန်ယင်နေသော အသံဖြင့် ပြောလေသည်။

 

စစ်အာဏာရှင် နိဂုံးမချုပ်မချင်း မျိုးမင်းသူလိုပဲ နွေဦးတော်လှန်ရေးတိုက်ပွဲ အောင်ပွဲဆင်နိုင်ရန်အတွက် မိမိအသက်၊ မိမိဘဝကိုပင် စတေးသွားမည့် အာဇာနည် သူရဲကောင်းများစွာလည်း မြန်မာနိုင်ငံမှာ ဆက်လက် ပေါ်ထွက်နေပါဦးမည်။

သင့်ထင်မြင်ချက်ရေးပေးပါ