ဖားကန့်မြို့မှ အောက်စီဂျင်အိုးများကို ထောက်ခံစာပါမှ သယ်ယူခွင့်ပြုမည်ဆိုသဖြင့် အခက်အခဲဖြစ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံများမှ အောက်ဆီဂျင်အိုးများကို ကချင်ပြည်နယ်ရှိ အခြားမြို့နယ်များသို့ သယ်ယူပို့ဆောင်မည်ဆိုလျင် ထောက်ခံစာပါရှိမှသာ သယ်ယူဆောင်ခွင့်ပြုမည်ဟု စစ်ကောင်စီက သတ်မှတ်လိုက်သောကြောင့် အခက်အခဲဖြစ်နေကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ဖားကန့်မြို့မှ အောက်စီဂျင်အိုးများကို ထောက်ခံစာပါမှ သယ်ယူခွင့်ပြုမည်ဆိုသဖြင့် အခက်အခဲဖြစ်နေ

 

ဖားကန့်မြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် ထောက်ခံစာပါမှသာ အောက်ဆီဂျင်အိုးသယ်ယူခွင့်ပြုသောကြောင့် အရေးပေါ်လိုအပ်နေသူများအတွက် အခက်အခဲဖြစ်နေသည်ဟု အောက်ဆီဂျင် သယ်သူပို့ဆောင်ပေးနေသည့် လူမှုကူညီရေးအသင်းမှ အမည်မဖော်လိုသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဗြုန်းတိုင်းကြီးစစ်တယ်၊ ကြိုတင်မပြောဘူး၊ ထောက်ခံစာက တစ်ခါတက်ရင် တစ်ခါယူရတာပေါ့ အဲ့လိုဆိုတော့ အဆင်မပြေဘူး တကယ့်အရေးပေါ် လူနာဆိုရင် ဘယ်လိုသွားလုပ်မှာလဲ၊ အဲ့ထောက်ခံစာတွေ လိုက်ပတ်တောင်းနေတာနဲ့တင် တော်တော် ဒုက္ခ ရောက်တယ်၊ လူကြီးတွေက အချိန်တိုင်း ရှိနေတာလဲ မဟုတ်ဘူး၊ အောက်ဆီဂျင် ပြတ်ရင် သေပြီလေ၊” ဟု သူကပြောသည်။

တရားဝင် လူမှုကူညီရေးအသင်းမှ သက်ဆိုင်ရာ တိုက်နယ်ဆေးရုံမှ ဆရာဝန် လက်မှတ်ပါရှိသည့် ထောက်ခံစာဖြင့် သွားသော်လည်း ဂိတ်တွင်ဖြတ်သန်းခွင့်မရပဲ လမ်းတွင် တစ်ညအိပ်လိုက်ရကြောင်း သူကဆက်ပြောသည်။

“လယ်ပြင်ဂိတ်ကျော်တာနဲ့ စစ်ပြီ ၊ ဖားကန့်မြို့နယ် ရဲမှူးက လာရစ်တာ၊ ဘာတွေ သက်သေရှိလဲဆိုပြီး ဆရာဝန်က ထောက်ခံတာကိုတောင် မလွှတ်ပေးဘူး၊ တရားဝင်အသင်းကို တားတယ်၊ တကယ်လိုလို့ လူနာတင်ကားနဲ့အောက်ဆီဂျင်သယ်တာကိုက ဂိတ်ကျော်တာနဲ့ မရဘူးတဲ့” ဟု သူကပြောသည်။

အောက်ဆီဂျင်ရယူရန် သယ်ယူမည့်ဒေသမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနမှ ထောက်ခံစာနှင့် ဆေးရုံမှ တာဝန်ခံဆရာဝန်လက်မှတ်ပါရှိသည့် ထောက်ခံစာရယူပြီး ဂိတ်တွင် ထောက်ခံစာ မိတ္တူပေးမှသာ ဖြတ်သန်းခွင့် ရကြောင်း သိရသည်။

ထောက်ခံစာသည် တစ်ကြိမ်သာ အကြုံးဝင်ပြီး အခြားပြည်နယ်နှင့်တိုင်းသို့ အောက်ဆီဂျင်အိုးသယ်သော ကားများကို စစ်ဆေးမှုပြုလုပ်ခြင်းမရှိဘဲ ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ပေးသည့် လူမှုကူညီရေးအသင်းများကိုသာ စစ်ဆေးမှုပြုလုပ်သည်ဟု မျက်မြင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက The 74 Media ကိုပြောသည်။

“ဂိတ်ဖြတ်တာ ကျွန်တော့်ရှေ့မှာပဲ အလုံးရာနဲ့ချီတွေကို မစစ်ဆေးဘူး၊ ကားကြီးတွေက မန္တလေးသယ်တာ သူတို့ကို ထောက်ခံစာတွေ မစစ်ဘူး၊ သူတို့ သွားပြီးမှ ကျွန်တော်တို့က စစ်ဆေးခံရတာ ဒိုင်နားကားကြီးတွေကိုတာ့ လွှတ်ပေးပြီးတော့မှ တကယ်လိုအပ်တဲ့ လူမှုကူညီရေးကားတွေ ကချင်ပြည်နယ်အတွင်း ပို့ပေးနေတဲ့ သူတွေကိုတော့ စစ်တာ ကြန့်ကြာနေတဲ့အတွက် လူနာတွေအတွက် အဆင်မပြေမှုတွေ ဖြစ်တယ်” ဟု သူက ဆက်ပြောသည်။

အောက်ဆီဂျင်အိုးအလွတ်များ ဝယ်လာသော လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးကို ဂိတ်တွင် စစ်ဆေးမှုပြုလုပ်ပြီး နောက်တစ်ကြိမ် ထောက်ခံစာ မပါဘဲ သယ်လာပါက အောက်ဆီဂျင်ဘူးများ သိမ်းမည်ဟု ခြိမ်းခြောက်ကြောင်း အမည်မဖော်လိုသည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အောက်ဆီဂျင်အိုးတွေ ဝယ်လာတာကို ရစ်တာ၊ ထောက်ခံစာတွေလိုတယ်တဲ့၊ နောက်တစ်ခါဆို မဖြတ်ခိုင်းတော့ဘူးတဲ့ ဒါတောင် နယ်ခံနော် ကျွန်တော်တောင် တိုင်ပတ်သွားတယ်၊ လူကြီးရဲ့ထောက်ခံစာ လိုတာကြောင့် ဆိုပြီး ထောက်ခံစာ မရှိရင် အကုန်သိမ်းလိုက်မယ် လို့ပြောတယ်၊ သက်ဆိုင်ရာက မသိပဲ သယ်ရင် ဖမ်းမှာလို့လည်း ပြောလိုက်တယ်” ဟုသူကပြောသည်။

အောက်ဆီဂျင်အိုးတန်ဖိုးသည် ယခင်ဈေးထက် နှစ်ဆခန့်မြှင့်တက်ကာ အိုးဝယ်ယူရန်ပင် ခက်ခဲနေသော်လည်း ဈေးသုံးဆခန့်မြှင့်တင်၍ မှောင်ခိုဈေးကွက်အနေဖြင့် ရောင်းချပေးနေသူများလည်း ရှိပြီးကြောင်း သူကဆက်ပြောသည်။

မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံတွင် စက်ချို့ယွင်းနေသောကြောင့် ကချင်ပြည်နယ်အတွင်းမှ အောက်ဆီဂျင်လိုအပ်သူများသည် ဖားကန့်မြို့နယ်ရှိ စက်ရုံတွင် အောက်ဆီဂျင် ဖြည့်ယူနေကြရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ