မြစ်ဆုံဒေသအနီး စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီအချို့ရွှေတူးဖော်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တန်ဖရဲကျေးရွာရှိ မြစ်ဆုံဒေသတွင် ကုမ္ပဏီများရွှေတူးဖော်ခွင့်ကို စစ်ကောင်စီက တရားဝင် လုပ်ကိုင်ခွင့် ချမှတ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

မြစ်ဆုံဒေသအနီး စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီအချို့ရွှေတူးဖော်နေ

 

ယခင် NLD အစိုးရလက်ထက်တွင် ကုမ္ပဏီများ ဝင်ရောက်ရွှေတူးဖော်ခွင့် မရသကဲ့သို့ ဒေသခံများလည်း ပိတ်ပင်ခံထားရသည့် နေရာတွင် စစ်ကောင်စီက လုပ်ကိုင်ခွင့် ချမှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု မြစ်ဆုံဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အာဏာမသိမ်းခင်ကတော့ ဒီတန်ဖရဲမှာ ၁၄၄ ထုတ်ထားပြီး ဘယ်သူ့ကိုမှလုပ်ကွက်မချပေးဘူးဟုတ်တယ်။ အခုက အာဏာသိမ်းပြီးနောက်ပိုင်း ဒီလိုလုပ်ကွက်တွေချပေးလာတာပေါ့။ ဂျိတ်လင်းကုမ္ပဏီရော လုပ်ကွက်ကျ တယ်။ အခုက ကုမ္ပဏီတွေလည်း သုံးခုလောက် လုပ်ကွက်ကျလာတော့ ကျွန်တော်တို့ ဒေသခံတွေလည်း ဝင်ရောက်လုပ်ကိုင်လာတာ။ နောက်ထပ်ကုမ္ပဏီတစ်ခုလည်း ထပ်ဝင်ဖို့ရှိတယ်လို့ ကြားတယ်” ဟုသူကပြောသည်။

ရွှေတူးဖော်ရန်လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီများတွင် ဂျိတ်လင်းကုမ္ပဏီအပြင် အခြားမည်သည့်ကုမ္ပဏီများပါဝင်သည်ကို The 74 Media က ဆက်လက်စုံစမ်းနေသည်။

ကုမ္ပဏီများက စက်ယန္တရားများဖြင့် ဝင်ရောက်တူးဖော်နေသောကြောင့် တနိုင်တပိုင်ရွှေတူးဖော်နေသည့် ဒေသခံများ အလုပ်အကိုင်ရှားပါးလာကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“ဒီအချိန်မှာ အခြားအလုပ်အကိုင်လည်း မရှိတော့ ဒါလေးတူးစားတာနဲ့ ဟင်းဖိုးလေးလောက်တော့ရလို့ အကျိုးတော့ရှိတာပေါ့။ ဒေသခံတွေ တစ်နိုင်တစ်ပိုင်တူးဖော်တာတွေရှိသလို အနီးတစ်ဝိုက်က ကျေးရွာရှိလူတွေ တချို့လည်း စက်သေးလေးတွေနဲ့ တစ်နိုင်တစ်ပိုင် လုပ်စားကြတယ်။ အခုက စက်ကြီးတွေနဲ့ ကုမ္ပဏီတွေ ဝင်လာပြီး ထပ်ဝင်လာဖို့လည်း ရှိနေတော့ စားပေါက်တော့ ပိတ်နေတာပေါ့လေ” ဟုသူကပြောသည်။

အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် ရွှေတူးဖော်သူများ ပိုမိုများလာရခြင်းဖြစ်သည့်အပြင် ကုမ္ပဏီများ ဝင်ရောက်လာသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပိုမိုများပြားခြင်းဖြစ်သည်ဟု ကချင်ပြည်နယ်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောသည်။

“ကျောက်ရွှေရှာရင် ကျောက်က တောအုပ်ကြီးတွေထဲမှာရှိနေရင် အဲ့တောအုပ်ကြီးတွေပျက်စီးသွားပြီး အဲ့တောအုပ်ဘေးနားမှာရှိတဲ့ စမ်းချောင်းတွေမြေအနေအထားတွေအားလုံး ပျက်စီးသွားမယ်။ ကျောက်မှာ ရှိနေတဲ့ ရွှေက ဆာရာနိုက်နဲ့ ချက်ပြီး လိုက်စုရတာ။ ဒီဆာရာနိုက်ကအရမ်းဆိုးတယ်။ အင်းတော်ကြီးမှာရှိတဲ့ တက်လက်ရွှေမှော်ဘက်မှာဆိုရင် ဆာရာနိုက်လုပ်တဲ့ နေရာဖြစ်သွားခဲ့တာပေါ့။ ရေထဲမှာ မှုန်စုပ်တဲ့ပုံစံ လုပ်တဲ့အချိန်မှာလည်း ပြဒါးကိုပဲ အဓိက အသုံးပြုပြီး ဖမ်းယူတာ ဖြစ်တဲ့အတွက် ရေထဲမှာရှိတဲ့ အားလုံးက ပြဒါးညစ်ညမ်းမှု ဖြစ်လာတာတယ်” ဟုသူကပြောသည်။

ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သောသူများအနေနှင့် လုပ်ငန်းမစတင်မှီ အချိန်မှစ၍ လေ့လာဆန်းစစ်မှုများ ဦးစွာပြုလုပ်သင့်ကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ မြစ်ဆုံဒေသ၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသနှင့် ဆွမ်ပရာဘွမ် ဒေသတို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း ရွှေတူးဖော်ရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ