ကိုဗစ်၁၉

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနှစ်ခုတွင် ယမန်နေ့ ဇူလိုင် ၂၆ ရက် တစ်ရက်အတွင်း ကိုဗစ်၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၂၂ ဦးရှိသည်ဟု သိရသည်။

ကိုဗစ်ကြောင့်သေဆုံးသူ မြစ်ကြီးနားတွင် ၁၀ ဦး၊ မိုးကောင်းတွင် နှစ်ဦး၊ မိုးညှင်းတွင် တစ်ဦး၊ တနိုင်းတွင် နှစ်ဦး၊ ဖားကန့်တွင် နှစ်ဦး၊ ရွှေကူတွင် နှစ်ဦးနှင့် ဗန်းမော်မြို့တွင် သုံးဦး စုစုပေါင်း ၂၂ ဦးရှိသည်ဟု သိရသည်။

မြစ်ကြီနားမြို့တွင် သေဆုံးသူ ၁၀ ဦးတွင် ရမ်ပူရပ်ကွက်မှ ကိုယ်ဝန်ဆောင်တစ်ဦး၊ တပ်ကုန်းရပ်ကွက်မှ တစ်ဦး၊ ယုဇနရပ်ကွက်မှ တစ်ဦး၊ မြေမြင့်ရပ်ကွက်မှတစ်ဦးဖြစ်ပြီး ကျန် သေဆုံးသူ ၆ ဦး၏ သတင်းအချက်အလက်များကိုမူ မသိသေးကြောင်း သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဆုံးသွားတဲ့ ၁၀ ယောက်မှာ ဆီးချိုသမားတွေများတယ်၊ ၇ လသား ကိုယ်ဝန်ဆောင်တစ်ဦးလည်းပါတယ်။ အသက် ၅၀ကျော်တွေများတယ်။ ပြီးတော့ ဆေးရုံ OBD ရှေ့မှာ တစ်ယောက်ကားပေါ်မှာ ထပ်ဆုံးတယ်တဲ့။ အဲ့တာကတော့ဘာမှန်းမသိဘူး” ဟုသူကဆိုသည်။

မိုးကောင်းမြို့တွင် ကိုဗစ်ကြောင့် ဆီးချိုရောဂါအခံရှိသည့် အမျိုးသမီးနှစ်ဦးသေဆုံးသွားကြောင်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

“မနေ့က မိုးကောင်းမှာသေဆုံးသူက မနက်တစ်ယောက် နေ့လည်ကတစ်ယောက် စုစုပေါင်း နှစ်ယောက်ပေါ့ ဆေးရုံမှာဆုံးသွားတာ။ အသက်က ၅၀ ကျော်နဲ့ ၆၀ ကျော် နှစ်ယောက်စလုံးက အမျိုးသမီးကြီးတွေပဲ။ ဆီးချိုအခံတော့ရှိကြတယ်။ ဈေးကုန်းနဲ့အိုးတန်းရပ်ကွက်မှာနေထိုင်ကြတဲ့သူတွေ”ဟုပြောသည်။

၎င်း၏ ပြောပြချက်အရ မိုးကောင်းမြို့တွင် လက်ရှိအောက်စီဂျင်ရှူနေရသူ စုစုပေါင်း ၁၀ ဦးခန့်ကာ ဇူလိုင်လ ၂၆ ရက်နေ့တွင် ပိုးတွေ့လူနာ ၂၇ ဦးရှိသည်ဟု သိရသည်။

အလားတူ မိုးညှင်းမြို့တွင်လည်း ရောဂါအခံရှိသည့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“ဆေးရုံမှာ ကိုဗစ်ဖြစ်လို့ ကုသမှုခံယူနေရင်းဆုံးတာ။ အသက် ၆၉ နှစ်အရွယ်အမျိုးသမီးပေါ့။ ဆေးရုံတက်နေတာတော့ တစ်ပတ်လောက်ရှိပြီ။ သူကရောဂါအခံရှိပြီး ကိုဗစ်ကူးမှာစိုလို့ အပြင်မထွက်ဖို့တားနေတဲ့ကြားထဲက ကူးသွားတာလို့ပြောတယ်။ ကိုဗစ်လက္ခာဏာ အသက်ရှူကြပ်ပြီး ဆုံးသွားတာ။ မိုးညှင်းမှာက အောက်စီဂျင်လိုအပ်တဲ့အပိုင်းတွေ ရှိနေတာပေါ့”ဟု သူကပြောသည်။

တနိုင်း၊ ဖားကန့်၊ ရွှေကူနှင့် ဗန်းမော်တွင် သေဆုံးခဲ့သူ ၁၁ ဦး၏ သတင်းအချက်အလက်အလက်များကိုမူ The 74 Media မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့အထိ ကိုဗစ်၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၃၈၅၄ ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ