နန့်မွန်းမြို့တွင် ဆွဲကြိုးလုပြေးသူနှစ်ဦးကို ဖမ်းဆီးရမိ၊ အခြားဆိုင်ကယ်ခိုးသူများလည်း ပေါ်ပေါက်

နန့်မွန်းမြို့တွင် ဆွဲကြိုးလုပြေးသူနှစ်ဦးကို ဖမ်းဆီးရမိ၊ အခြားဆိုင်ကယ်ခိုးသူများလည်း ပေါ်ပေါက်

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့တွင် ယနေ့နံနက် ၁၁ နာရီခန့်က အမျိုးသမီးတစ်ဦး၏ ဆွဲကြိုးလုပြေးသူနှစ်ဦးကို ဖမ်းဆီးရမိကြောင်းသိရသည်။

ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး၏ ဆွဲကြိုးလုပြေးသူနှစ်ဦးကို ပြည်သူ့စစ်နှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အမျိုးသမီးတစ်ဦး ဆိုင်ကယ်စီးနေတုန်း အနောက်ကအမျိုးသားနှစ်ယောက်က ကပ်ပြီး လုပြေးသွားတာဗျ။ နန့်မွန်းမြို့က ပြည်သူ့စစ်စခန်းကို အကြောင်းကြားပြီး လိုက်ရှာကြရင်းနဲ့ ရှမ်းကုန်းရပ်ကွက်က ပြည်သူတွေက ဝိုင်းဖမ်းထားကြပြီး တာဝန်ရှိသူတွေက လာခေါ်ဆောင်သွားတာပေါ့ အဲ့နှစ်ယောက်ကို” ဟုသူကပြောသည်။

ဆွဲကြိုးလုပြေးသူနှစ်ဦး၏အဖွဲ့ဝင်တစ်ဦးကိုလည်း အခြားရပ်ကွက်တွင်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာ နန့်မွန်းနှင့် မိုင်းတောင်ကြားမှ ဆိုင်ကယ်တစ်စီး၊ ဘီလူးမြို့ အနီးမှတစ်စီးနှင့် ဟိုပင်မြို့နားတွင်တစ်စီး စုစုပေါင်းဆိုင်ကယ်သုံးစီးခိုးယူခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသူကဆက်ပြောသည်။

ဖမ်းဆီးရမိသူသုံးဦးမှာ ကိုဖြူ အသက် ၃၀၊ ကိုဝေဇော် အသက် ၂၆နှစ်နှင့် ကိုဝင်းမင်းထွေး အသက် ၂၇ နှစ်တို့ဖြစ်ကြပြီး မိုးညှင်းမြို့ ပျော်ဘွယ်နှင့် ညောင်ပင်သာရပ်ကွက်တို့တွင် နေထိုင်သူများဖြစ်သည်ဟု သိရသည်။

ပစ္စည်းပိုင်ရှင်များမှ အမှုမဖွင့်လိုသဖြင့် ရဲလက်သို့အပ်ကာ လက်ရှိတွင် လုံးတုံနယ်မြေခံရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ