ကေအိုင်အေတပ်ဖွဲ့ဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့တွင် ယနေ့ ဇူလိုင် ၁၉ ရက်နေ့၊ နံနက် ၉ နာရီ ၅၀ မိနစ်မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇူလိုင် ၁၈ ရက်နေ့ မှ စတင်ပြီး မှော်တောင်းနှင့် ဒလုံကျေးရွာဘက်မှ မန်ဂျက်ဘွမ် (Man Jak Bum) သို့ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာသောကြောင့် KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖောင်းဆိုင်ကျေးရွာနှင့် လောက်ကိုင် တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများရှိရာနှင့် အနီးပတ်ဝန်းကျင်များတွင် လက်နက်ကြီး ပစ်ခတ်မှုများ နှင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် ယခုအချိန်တွင် ဒေသခံပြည်သူများက စစ်ရှောင်နေရကြောင်း သိရသည်။
လက်ရှိ အဆိုပါ ဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသောကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း သိရသည်။
မုံးကိုးမြို့သည် ၂၀၁၆ ခုနှစ် တွင် ကချင် လွတ်လပ်ရေး တပ် (KIA) ၊ ပလောင် (တအာန်း) အမျိုးသားလွတ်မြောက်ရေးတပ် (TNLIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ် (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပူးပေါင်း ထားသည့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့် မြို့နယ်တစ်ခုဖြစ်သည်။
မုံးကိုးမြို့တွင် ရပ်ကွက် ၇ ခုရှိပြီး လူဦးရေ ၈၀၀၀ ကျော်ရှိကာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့နှင့် စစ်ကောင်စီလက်အောင်ခံ ပြည်သူ့စစ်အဖွဲ့အချို့ အခြေချလှုပ်ရှားကြသည်။

Ref: The Kachin Net

သင့်ထင်မြင်ချက်ရေးပေးပါ