ရှင်ဗွေယန်မြို့တွင် ကိုဗစ်၁၉ အတည်ပြုလူနာ ၉ ဦးထပ်တိုး၊ ပိုးတွေ့လူနာ စုစုပေါင်း ၅၆ ဦးရှိသော်လည်း ကုသရန် ဆရာဝန်မရှိ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့တွင် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့က ကိုဗစ် -၁၉ အတည်ပြုလူနာ ၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ရှင်ဗွေယန်မြို့တွင် ကိုဗစ်၁၉ အတည်ပြုလူနာ ၉ ဦးထပ်တိုး၊ ပိုးတွေ့လူနာ စုစုပေါင်း ၅၆ ဦးရှိသော်လည်း ကုသရန် ဆရာဝန်မရှိ

 

ရှင်ဗွေယန်မြို့တွင် ကိုဗစ် – အတည်ပြုလူနာ ၉ ဦးထပ်မံတွေ့ရှိပြီး ၅၆ ဦးရှိပြီဖြစ်သည်ဟု ကိုဗစ်လူနာများကို ကူညီပေးနေသူ တစ်ဦး The 74 Media ကိုပြောသည်။
“ဒီနေ့တွေ့တဲ့လူနာတွေက အသက် ၅၀ အထက်က သုံးဦး နဲ့ ၆ နှစ်ကလေးတစ်ဦး ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတစ်ဦးလည်း ကိုဗစ်ဖြစ်ထားတယ်၊ ခုက အထက စာသင်ကျောင်းမှာထား ထားတယ် နေအိမ်မာပဲ ကုတာတွေလည်းရှိတယ်၊ ခုလောလောဆယ်က အားလုံးကျန်းမာရေးကောင်းပါတယ်၊ အောက်ဆီဂျင်တော့မလိုသေးဘူး” ဟုသူကပြောသည်။
ကိုဗစ်၁၉ အတည်ပြုလူနာများကို ကုသရာတွင် ဆရာဝန်မရှိကြောင်း နှင့် ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်း လုံလောက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ဆက်ပြောသည်။
“ဒီမှာက ဆရာဝန်မရှိဘူး ဒေသခံဆရာမတစ်ဦးနဲ့ နယ်က ဆရာမနှစ်ဦးလာကူပေးနေတယ် ဒေသခံဆရာမက အပြာဝတ်ပြီးတော့ နယ်ကဆရာမနှစ်ဦးက သားဖွားဆရာမတွေပေါ့၊ ကိုဗစ်စစ်တာက လူနာနဲ့ ထိတွေ့တဲ့သူတွေပြီးတော့ အနံ့မရတဲ့သူတွေ အစစ်ခံကျလို့တွေ့တာ” ဟုသူကပြောသည်။
ကိုဗစ်အတည်ပြုလူနာ တစ်ဦးကို ဇူလိုင်လ ၁၇ ရက်နေ့က ရှင်ဗွေယန်မြို့မှ တနိုင်းမြို့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးမှုရှိခဲ့သည်။
ပိုးတွေ့လူနာ ၅၆ ဦးထိရှိလာသော ရှင်ဗွေယန်မြို့သည် လူဦးရေ ၃၉၈၆ ဦးရှိပြီး ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့ထိ မြို့အဝင်အထွက်ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်၁၉ ပိုးတွေ့ရှိမှုနှုန်း မြှင့်တက်လျက်ရှိပြီး စစ်ကောင်စီ၏ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့ထိ ပိုးတွေ့သူပေါင်း ၁၉၂၄ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ