မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းကို အသွားအလာကန့်သတ်ထားသဖြင့် အစားအသောက်နှင့် ဆေးဝါး အခက်အခဲဖြစ်နေ

မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းကို အသွားအလာကန့်သတ်ထားသဖြင့် အစားအသောက်နှင့် ဆေးဝါး အခက်အခဲဖြစ်နေ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ မျက်မမြင်ကျောင်းကို ကိုဗစ်၁၉ ကူးစက်သူတွေ့ရှိသဖြင့် ကန့်သတ်နယ်မြေသတ်မှတ်ထားသောကြောင့် ကျောင်းအတွင်း အစားအစာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ အခက်အခဲဖြစ်နေကြောင်းသိရသည်။

ကျောင်းအတွင်းနေထိုင်သူ ယောကျာ်းလေးနှစ်ဦးကို ဇူလိုင်လ (၁၄) ရက်နေ့က ကိုဗစ်၁၉ပိုးတွေ့ရှိခဲ့ပြီး ကျောင်းကို lockdown ချထားသောကြောင့် အစားအစာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရန်ခက်ခဲနေခြင်းဖြစ်သည်ဟု ကျောင်းအတွင်းနေထိုင်သူတစ်ဦးက The 74 Media ကိုပြောသည်။

“နေ့စဉ်စားသောက်နေရတဲ့ ကိစ္စတွေမှာပေါ့ အခုဆိုဈေးဝယ်ဖို့လည်းခက်သွားပြီ၊ အခါတိုင်းဆို ဗုဒ္ဓဟူးနဲ့ စနေဆိုရင် တစ်ပတ်စာ ဝယ်ထားလေ့ရှိတယ်၊ အထဲမှာ lockdownချထားတယ်ဆိုတော့ ကျောင်းဝင်းနဲ့ ဆက်စပ်တဲ့သူက အပြင်ထွက်လို့အဆင်မပြေ ကြတော့ နေ့စဉ်စားသောက်မဲ့ ဟင်းသီးဟင်းရွက်ပေါ့ ဆန်တွေ လိုအပ်ပါတယ် ဆေးဝါးတွေလည်း mask တွေကအစ လိုအပ်ပါတယ်” ဟုသူကပြောသည်။

ပိုတွေ့နှစ်ဦးမှာ အနံ့ပျောက်နေသော်လည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိပြီး ထိစပ်သူများကို ကျောင်း၏ ဟောခန်းတွင် သီးသန့်ထားရှိကြောင်း သူကဆက်ပြောသည်။

ကျောင်းဝင်းသို့ ယနေ့ ဇူလိုင် ၁၆ ရက်နေ့တွင် ဆေးရုံမှ လာရောက်စစ်ဆေးမှုပြုလုပ်မည်ဖြစ်ပြီး အိမ်တွင်းကုသမှုပြုလုပ်နေကြောင်း သိရသည်။

မြစ်ကြီးနား အေးမြသာယာရပ်ကွက်ရှိ မျက်မမြင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်း စုစုပေါင်း ၁၀၀ ဦးခန့် နေထိုင်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ