မိုးမောက်တွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများပြော

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာမှ အမျိုးသမီးတစ်ဦး ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့က အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း သိရသည်။

သေဆုံးသူသည် အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယမန်နေ့ နံနက် ၁၀နာရီခန့်က မျိုးစပါးကျဲရန် လယ်တောသို့ သွားချိန် အဓမ္မပြုကျင့် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

မိုးမောက်တွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများပြော

 

“သူ့ကို မုဒိန်းကျင့်တာပေါ့။ ရင်ဘတ်မှာလည်း ဓားရာနဲ့ဟုတ်တယ်။ သူ့ဝတ်တဲ့ အင်္ကျီနဲ့လည်း ပါးစပ်မှာ စို့ထားပေးတာတွေ့ရတယ်။ တွေ့တာက ဒီနေ့မှ တွေ့တာ။ အသားတွေတောင် နေအရမ်းပူလို့ ကျက်ပြီးလောင်မှ တွေ့တာ” ဟုသူကပြောသည်။
အဓမ္မကျင့်လူသတ်မှု ကျူးလွန်သူများသည် တပ်မ ၈၈ မှတပ်ပြေးများဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။
“မနေ့က ရွာလူကြီးကိုနွမ်လန့်ဘေးက ၆၁၆ ဒုံးတပ်ရင်းမှာ လာတည်းသွားတဲ့ အင်အားဖြည့်နေတဲ့ တပ်မ ၈၈ က စစ်သား သုံးယောက်ထွက်ပြေးတယ်။ တွေ့ရင်ပြောပေးဦးလို့ လာပြောတယ်။ အဲ့ သုံးယောက်ဆိုတာ သေချာသလောက်ပဲပေါ့နော်။ ဘာလို့ဆို အဲ့တပ်ပြေး သုံးယောက်ကိုလည်း နောင်းကွမ်တပ်က ဖမ်းမိထားတယ်တဲ့” ဟုပြောသည်။
တပ်ပြေးများကို နောင်းကွမ်ရွာအခြေစိုက် စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့ပြီး အမျိုးသမီး၏ ကိုယ်ပိုင်ဖုန်းလည်း စစ်ပြေးသုံးဦးတွင် တွေ့ရသော်လည်း လမ်းတွင်ကောက်ရထားသည်ဟု ဒေသခံများကို ပြောဆိုကြောင်းသိရသည်။
အလောင်းကို ဗန််းမော်ဆေးရုံသို့ ယူဆောင်သွားပြီး ရင်ခွဲစစ်ဆေးစစ်ဆေးမည်ဖြစ်သည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ယမန့်နေ့ညမှစ၍ တပ်မ ၈၈ က စစ်အင်အားဖြည့် ့တင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ