မြစ်ကြီးနားမြို့ ဘူတာတိုက်တန်း လပ်ကီးမုန့်တိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းမှ လပ်ကီးမုန့်တိုက်ရှိ ဆိုင်ဝန်ထမ်း ၃ ဦးတွင် ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကိုဗစ်၁၉ ပိုးတွေ့ရှိသည်ဟု ဆိုင်ဝန်ထမ်းများနှင့် နီးစပ်သူများထံက သိရသည်။

ပိုးတွေ့ရှိသူ ဝန်ထမ်းသုံးဦးသည် ကိုဗစ်၁၉ ရောဂါလက္ခာဏာမပြဘဲ ဖျား၍ နှာစေးနေသောကြောင့် စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုင်ဝန်ထမ်းနှင့် နီးစပ်သူ တစ်ဦးက The 74 Media ကိုပြောသည်။
“ဝန်ထမ်းယောကျ်ားလေး တစ်ယောက် Positive တွေ့လို့ မနေ့က ဝန်ထမ်းအားလုံးကို Swab Test ဝယ်ပြီး ကိုဗစ် စစ်ပေးတယ်တဲ့။ အဲ့မှာ မိန်းကလေး တစ်ယောက် Positive တွေ့တယ်လို့ ပြောတယ်။ နောက်ထပ်ယောကျ်ားလေး တစ်ယောက်က ဖျားနေတာကြာပြီ ဆေးခန်းမှာ တစ်ခါစစ်ပြီး၊ ဆရာဝန်က Negative လို့ပြောခဲ့တယ်လို့ ပြောတယ်။ မနေ့က ပြန်စစ်မှ Positive ပြန်တွေ့တာ” ဟုသူကပြောသည်။
မြစ်ကြီးနား ဘူတာတိုက်တန်းမှ လပ်ကီးမုန့်တိုက်အား ယမန်နေ့မှ စတင်၍ ဆိုင်ပိတ်လိုက်ပြီး ကျန်ဝန်ထမ်းများမှာ ပိုးမတွေ့ရှိသော်လည်း Home Quarantine ဝင်နေသည်ဟု သူက ဆက်ပြောသည်။
ဘူတာတိုက်တန်းမှ ဆိုင်တွင် ကိုဗစ်ပိုးတွေ့ရှိသော်လည်း အခြားရပ်ကွက်များရှိ ဆိုင်ခွဲများတွင် ကိုဗစ်စစ်ဆေးခြင်းနှင့် ဆိုင်တွင်း စည်းမျဉ်းစည်းကမ်းများ တင်းကြပ်ထားခြင်းမျိုးမရှိသောကြောင့် စိုးရိမ်မှုများရှိသည်ဟု ဝန်ထမ်းနှင့် နီးစပ်သူ အခြားတစ်ဦးက The 74 Media ကိုပြောသည်။
“တစ်ဆိုင်မှာပိုးတွေ့ရင် တခြားဆိုင်ခွဲတွေမှာလည်း ကိုဗစ်စစ်ဆေးပေးတာမျိုးမရှိဘူးတဲ့။ ဝန်ထမ်းတွေက ဆိုင်ခဏပိတ်စေချင်တာပေါ့နော်။ Mask တော့တပ်ပေမယ့် ပိုးတွေ့တာလည်းများလာတယ် အရင်တုန်းကလို ဝယ်သူတွေကို အပြင်ကနေပဲဝယ်ရတာမဟုတ်ဘူး အားလုံးအထဲဝင်ပြီး ဝယ်ကြတော့ အရမ်းစိုးရိမ်တယ်။” ဟုသူကပြောသည်။
ကိုဗစ်၁၉ ပိုးတွေ့ရှိထားသည့် ဝန်ထမ်းသုံးဦးကို ဇူလိုင်လ ၁၃ ရက်နေ့တွင် မြစ်ကြီးနားဆေးရုံကြီး၌ ကိုဗစ်ပိုး စစ်ဆေးမှု ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့ထိ ပိုးတွေ့သူ စုစုပေါင်း ၂၅၄ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိပြီဖြစ်သည်။

– ပုံဟောင်းပြန်လည်အသုံးပြုထားသည်။ (ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရိုက်ကူးထားသောပုံဖြစ်သည်။)

သင့်ထင်မြင်ချက်ရေးပေးပါ