ဖားကန့် နမ့်မှော်ကျေးရွာတွင် ရေမဆေးရှာဖွေသူအမျိုးသားတစ်ဦး ကမ်းပါးပေါ်မှ ပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာ ဧရိယာ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် တွင် ယနေ့ဇူလိုင်လ ၁၁ ရက်နေ့၊ နေ့လယ် ၁၀ နာရီခွဲခန့်တွင် အမျိုးသားတစ်ဦး ကမ်းပါးပေါ်မှပြုတ်ကျ သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူမှာ အသက် ၃၅ နှစ်အရွယ် ကိုထွန်းထွန်း ဆိုင်းအောင်၊ အောင်ဆုကျော်ရပ်ကွက်တွင်နေထိုင်သူဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မြေစာပြိုတာတော့ မဟုတ်ဘူး ရေမဆေးရှာနေရင်းပြုတ်ကျတာ ပြုတ်ကျတဲ့အချိန်ရွာသားတွေသွားကြည့်တာ၊ ကမ်းပါးကအမြင့်ကြီးပဲလေ အောက်ကျတာက ၁၀ ခွဲမှာ၊ ၁၁ နာရီလောက်မှာဆုံးတယ်၊ ဆေးရုံပို့လိုက်ပြီ” ဟု သူကပြောသည်။
ကမ်းပါးသည် ခန့်မှန်းအမြင့်ပေ ၁၀၀ ကျော်ခန့် ရှိသည်ဟု သူက ဆက်ပြောသည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုရှိ ကျေးရွာတစ်ချို့တွင် မေလ ၃၀ ရက်နေ့မှ ယနေ့ချိန်ထိ မြေစာပြိုကြမှုများကြောင့် အမျိုးသား ၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၅ ဦးခန့် ရှိပြီဖြစ်သည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များတွင် မိုးတွင်းကာလများအတွင်း မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများမကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ကျောက်စိမ်းသစ်ရွက်၊ ဂျိတ်လင်း၊ စိမ်းရွှေဝါ ကုမ္ပဏီလုပ်ကွက်နေရာများမှ မြေစာပုံပြိုကျသဖြင့် လူနှစ်ရာနီးပါး သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ