တရုတ်နိုင်ငံက ငှက်ပျောကားများဝင်ခွင့် ပိတ်ပင်လိုက်သဖြင့် လွယ်ဂျယ်တွင် ငှက်ပျောတင်သည့်ကားများ ရာချီ ပိတ်မိနေ

ကချင်ပြည်နယ်ရှိ ငှက်ပျောခြံများမှ ငှက်ပျော်သီးများတင်ဆောင်လာသည့် ကုန်တင်ကားများကို ဇူလိုင် ၇ ရက်မှ စတင်ကာ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ခွင့်ပိတ်လိုက်သဖြင့် လွယ်ဂျယ်မြို့တွင် ငှက်ပျောကားများ ရာနှင့်ချီပိတ်မိနေသည်ဟု လွယ်ဂျယ်ဒေသခံများထံမှ သိရသည်။

တရုတ်နိုင်ငံက ငှက်ပျောကားများဝင်ခွင့် ပိတ်ပင်လိုက်သဖြင့် လွယ်ဂျယ်တွင် ငှက်ပျောတင်သည့်ကားများ ရာချီ ပိတ်မိနေ

 

တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်မရသဖြင့် ငှက်ပျောကားများ ရာနှင့်ချီပိတ်မိနေပြီး အချို့ငှက်ပျောကားများသည် ငှက်ပျောသီးဖာများကို လမ်းဘေးတွင် စွန့်ပစ်မှုများရှိသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ငှက်ပျောကားတွေကို တရုတ်က ဝင်ခွင့်ပိတ်လိုက်လို့ ကားတွေ ရာချီပိတ်မိနေတာ ၇ ရက်‌ေလာက်ရှိပြီ၊ ထောင်ဂဏန်းတောင်ရှိနိုင်တယ်ကားတွေ၊ တချို့ငှက်ပျောကားတွေက ဆက်မစောင့်နိုင်လို့ ငှက်ပျောဖာတွေ လမ်းဘေးပစ်ထားကြတယ်” ဟုပြောသည်။
ငှက်ပျောကုန်တင်ကားများကို တရုတ်နိုင်ငံဘက်က ဝင်ရောက်ခွင့်ပိတ်လိုက်ခြင်းသည် မြန်မာနိုင်ငံတွင် ဆိုးဝါးစွာဖြစ်ပေါ်နေသည့် ကိုဗစ်၁၉ တတိယလှိုင်းကြောင့်ဖြစ်နိုင်သည်ဟု အခြားဒေသခံတစ်ဦးက သူ၏ ယူဆချက်ကို ပြောသည်။
“ပိတ်တယ်ဆိုတာက ကိုဗစ်၁၉ ဆိုးလာလို့ ထင်တယ်၊ မြန်မာနိုင်ငံအနှံ့နဲ့ ကချင်ပြည်နယ်မှာ နေရာအနှံ့ ကိုဗစ်ကူးစက်မှုနှုန်းအရမ်းမြန်လို့ ဖြစ်နိုင်တယ်၊ ဘယ်လောက်ကြာအောင် ပိတ်ထားမလဲ မသိဘူး” ဟု ဆိုသည်။
လွယ်ဂျယ်တွင် ကိုဗစ်၁၉ ရောဂါကူစက်ခံရသူ စုစုပေါင်း ၅ ဦးရှိပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာဖြင့် ဝိုင်းမော်၊ မိုးမောက်နှင့် မံစီမြို့နယ်များရှိ ဧကတစ်သိန်းကျော်တွင် တစ်သျှူးငှက်ပျောစိုက်ပျိုးမှုများပြုလုပ်ထားပြီး ဒေသခံများက အစဉ်တစိုက်ကန့်ကွက်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ