စစ်ကောင်စီတပ်ဖွဲ့ဝင်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မြို့လှမြို့အနီး အုပ်ချီသစ် တလုံးကွင်းရွာတွင် ယနေ့မွန်းလွှဲ ၂ နာရီခွဲခန့်မှ စတင်ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များက တိုက်လေယာဉ်များဖြင့် ကေအိုင်အေရှိရာနေရာများသို့ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်နေသည်ဟု တိုက်ပွဲဖြစ်ပွားရာရွာအနီးမှ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဂျက်လေယာဉ်နဲ့လာပစ်တာ။ အရေအတွက်တော့ မသိဘူး။ လက်နက်ကြီးချသံတော့ ကြားနေတာ ၃၀ ကျော်ပြီ။ အသံတော်တော်ကျယ်တယ်” ဟုပြောသည်။

အုပ်ချီသစ် တလုံးကွင်းရွာတွင် တိုက်ပွဲဖြစ်ပွားနေသည်ကို မြစ်တစ်ဖက်ကမ်း၌ရှိသည့် ဘိုကုန်းကျေးရွာထိပင် ကြားနေရကြောင်း အခြားဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အုပ်ချီသစ်တလုံးကွင်းရွာမှာတဲ့။ လေယာဉ်နဲ့တဲ့။ ပစ်နေတာ ဆက်တိုက်ရှိပြီ။ လေယာဉ်တော့ သေချာမမြင်ရဘူး။ အသံတွေက ကျွန်တော်တို့ဘက်ကနေတောင် လက်နက်ကြီးချသံတွေကြားနေရတယ်” ဟုပြောသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ဇူလိုင် ၄ ရက်နေ့ ည ၁၁ နာရီအချိန်၌ ကေအိုင်အေနှင့် SPDF တို့ ငါးဘတ်ကြီးရွာအနီး စစ်ကောင်စီတပ်များ ကင်းပုန်းဝပ်ရာနေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ