ချီဖွေတွင် ဖမ်းဆီးခံရသည့် သူနာပြုဦးစီးမှူးကို ချုပ်ရက်ရမာန်နှစ်ပတ်ထပ်တိုး

ကချင်ပြည်နယ်၊ ချီဖွေမြို့တွင် ဇွန်လ ၂၃ ရက်နေ့က ဖမ်းဆီးခံရသည့် သူနာပြုဦးစီးမှူး ဒေါ်လာချိတ်လွမ်းညွယ်ကို ဇူလိုင်လ ၇ ရက်နေ့က ချုပ်ရက် ရမာန် နှစ်ပတ်ထပ်တိုးလိုက်ကြောင်း သိရသည်။

ဆရာမ ဒေါ်လာချိတ်လွမ်းညွယ်ကို ပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်အရေယူထားပြီး ချုပ်ရက် ရမာန်နှစ်ပါတ် ထပ်တိုးထားကြောင်း အမည်မဖော်လိုသူ မိသားစုဝင်တစ်ဦးက The 74 Media ကို ပြောသည်။
“၇ ရက်နေ့က ချိန်းလိုက်တယ် အိမ်သားတွေတောင်မသိလိုက်ဘူး ညနေထမင်းပို့မှ သိရတယ်၊ နောက်နှစ်ပါတ် ချုပ်ရက်ပြန်တောင်းထားတာ ကြိုက်သလိုလုပ်နေကြတယ်။ ၅၀၅-က နဲ့ပဲ အမှုဖွင့်ထားတယ်” ဟု သူကပြောသည်။
ရုံးချိန်းတွင် မိသားစုဝင်များ တက်ရောက်ခွင့် မရရှိဘဲ လာမည့် ဇူလိုင်လ ၂၁ နေ့တွင် အဆုံးမသတ်လျင် ခရိုင်သို့ပို့မည်ဟု သိရကြောင်း သူကဆက်ပြောသည်။
ဆရာမ ဒေါ်လာချိတ်လွမ်းညွယ်ကို ချီဖွေရဲစခန်းတွင် ဖမ်းဆီးထားပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် ဧည့်တွေ့ချိန်တွင် မိသားးစုနှင့် တွေ့ခွင့်ရကြောင်းသိရသည်။

သူနာပြုဦးစီးမှူး ဒေါ်လာချိတ်လွမ်းညွယ်ကို ဇွန်လ ၂၃ ရက်နေ့ ည ၈နာရီခန့်က CDM လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချီဖွေမြို့ရှိ နေအိမ်မှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ