ကသာမြို့တွင် ပရဟိတအသင်းမှ အမျိုးသမီးတစ်ဦးနှင့် ဆွေမျိုးများကို စစ်ကောင်စီအကြောင်းမဲ့ ဖမ်းဆီး

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှ ဧရာကမ်းသာ အောက်ဆီဂျင် လှူဒါန်းရေးအသင်းနှင့် ပရဟိတအသင်းမှ အမျိုးသမီးတစ်ဦးနှင့် သူမနှင့်ဆက်စပ်သူ ရှစ်ဦးကို ဇူလိုင်လ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားပြီး ယနေ့ထိ မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။

ကသာမြို့ ဧရာကမ်းသာအောက်ဆီဂျင်လှူဒါန်းရေးအသင်းမှ မခင်မျိုးသက် (ခ) အပု၊ သူမ၏ မိသားစုဝင် နှစ်ဦး နှင့် ဈေးဆိုင် ဝန်ထမ်း အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရဘဲ လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“သူ့ရဲ့ဆေးဆိုင်မှာလာဖမ်းတာ သူ့ကိုမတွေ့လို့ ဝန်ထမ်း မိန်ကလေးနှစ်ယောက်၊ သူ့အမျိုးသားရဲ့ ကံ့ကော်အီလက်ထရောနစ်ဆိုင်က ဝန်ထမ်း ယောက်ျားလေး လေးယောက်၊ ပြီးတော့ အိမ်မှာပြန်လာရှာတာ မတွေ့လို့ အိမ်က ယောက်ျားလေးတစ်ယောက်ကိုလည်း ခေါ်သွားတယ်” ဟုသူကပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကမန္တလေးမြို့တွင် ဆေးကုသမှုခံယူနေသည့် မခင်မျိုးသက်၏ ယောက္ခထီးဖြစ်သူကို ယနေ့နံနက်က လာရောက်ဖမ်းဆီးသွားသည်ဟု သူက ဆက်ပြောသည်။
ဖမ်းဆီးခံရသူများကို မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးဘဲ မိသားစုနှင့် တွေ့ခွင့်မပေးသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် နမ့်စမ်းကျေးရွာနှင့် နောင်ပင်ကျေးရွာတို့တွင် ဇူလိုင်လ ၃ ရက် တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ကသာ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့၏ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ