Non-CDM ဆရာမ ငါးဦးရှိသည့် ဖားကန့် လုံးခင်းရှိ မဇွပ်ယန်ကျောင်းခွဲတွင် ကျောင်းအပ်လက်ခံကြောင်း ဆိုင်းဘုတ်ချိတ်ဆွဲထား၊ ကျောင်းလာအပ်သူမရှိ

ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု မဇွပ်ယန်ကျေးရွာမှ မဇွပ်ယန် အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ယနေ့ ဇူလိုင် ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျောင်းအပ်လက်ခံကြောင်း ဆိုင်းဘုတ်ချိတ်ဆွဲထားသည်ဟု သိရသည်။

Non-CDM ဆရာမ ငါးဦးရှိသည့် ဖားကန့်  လုံးခင်းရှိ မဇွပ်ယန်ကျောင်းခွဲတွင် ကျောင်းအပ်လက်ခံကြောင်း ဆိုင်းဘုတ်ချိတ်ဆွဲထား၊ ကျောင်းလာအပ်သူမရှိ

 

အ.လ.က (ခွဲ) ကျောင်းတွင် လွန်ခဲ့သော ဇွန်လ ၁ ရက်နေ့ကလည်း တစ်ပြည်လုံးအတိုင်းတာဖြင့် ကျောင်းအပ် လက်ခံမှုပြုလုပ်ခဲ့သော်လည်း ယခုနောက်ထပ်တစ်ကြိမ် ကျောင်းအပ်လက်ခံကြောင်း စာချိတ်ဆွဲထားခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ကျောင်းဆရာမတစ်ဦးက The 74 Media ကို ပြောသည်။
“ကျောင်းအပ်လက်ခံပြီလို့ သိပေမယ့် လူတော့မတွေ့ဘူး၊ ရှင်းရှင်းပြောရရင် ကျောင်းမှာ ရာထူးတိုးလား ဘာလားပဲ၊ ဒီနှစ်အသစ်ခန့်တဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင့်တင့်လှိုင်က ဖားပြင်က ပြောင်းရွှေ့ခန့်အပါအဝင် စစ်ကောင်စီရဲ့ Non-CDM ငါးယောက်ဘဲ ရှိတော့တာ” ဟု သူကပြောသည်။
ယခင်နှစ်များက ကျောင်းအပ်သည့်နေ့တွင် အဖြူအစိမ်းများဖြင့် စည်ကားနေသည်ကို တွေ့ဖူးသော်လည်း ယခုနှစ်တွင် နိုင်ငံရေးနှင့် ကိုဗစ် အခြေအနေများကြောင့် ကျောင်းသားမိဘများက ကျောင်းမအပ်ခြင်း ဖြစ်နိုင်သည်ဟု သူကဆက်ပြောသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အ.လ.က (ခွဲ) မဇွပ်ယန်တွင် တိုင်းရင်းသားစာပေသင်ကြားပေးရန် ဆရာမ သုံးဦး အပါအဝင် ဆရာ၊ ဆရာမ အင်အား ၂၀ ဦးရှိပြီး ကျောင်းသား၊ ကျောင်းသူ ၅၉၇ ဦး တက်ရောက်ခဲ့သည်။
ကျောင်း၌ လွန်ခဲ့သော စာသင်နှစ်တွင် ဆရာမအင်အားလုံလောက်မှုမရှိသောကြောင့် အငှားအကူ သုံးဦးကို ဒေသခံပြည်သူများက လစာပေးပြီး ခန့်ထားခဲ့သော်လည်း ယခုနှစ်တွင် ထိုသို့ ခန့်ထားနိုင်မှု မရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ကျောင်းပေါင်း ၁၈၀ ကျော်ရှိပြီး ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၈၀၀၀ ခန့်ရှိသောမြို့ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ