မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ကိုဗစ်၁၉ ရောဂါကူးစက်ခံရ

ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မ.ပ.ခ) တိုင်းမှူး၊ သူ၏ကိုယ်ရေးအရာရှိနှင့် အခြားအရာရှိအချို့ ကိုဗစ်၁၉ ကူးစက်ခံရကြောင်း သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် သူ၏ကိုယ်ရေးအရာရှိအပြင် စစ်ဆင်ရေးဂျီဝမ်းနှင့် ဂျီတူးလည်း ကိုဗစ်၁၉ ကူးစက်ခံရသည်ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“တိုင်းမှူးရော သူ့ PSO ရော၊ စစ်ဆင်ရေးဂျီဝမ်းရော ကိုဗစ်၁၉ ကူးခံရတာ၊ စစ်ဆင်ရေးဂျီဝမ်းက စကူးတာလို့ ကြားတယ်၊ ဖြစ်တာတော့ တစ်ပတ်လောက်ရှိပြီ၊ စနေနေ့က ဂျီတူးနဲ့ ရုံးစာရေးတချို့ထပ်ကူးတယ်” ဟု ဆိုသည်။
ကိုဗစ်၁၉ ကူးစက်ခံရသည့် မ.ပ.ခ တိုင်းမှူးသည် တိုင်းစစ်ဌာနချုပ်ဝင်းရှိ မလိခရိပ်သာတွင် ကုသမှုခံယူနေသည်ဟု သူက ဆက်ပြောသည်။
“အဘက မလိခရိပ်သာမှာ ကုနေတာ၊ ကျန်တဲ့သူတွေကိုတော့ စစ်ဆေးရုံမှာ ကုပေးနေတယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ကိုဗစ်၁၉ ကူးစက်ခံရသည့် အရာရှိနှင့် စစ်သည်ပိုများလာသည်ဟု သူက ဆက်ပြောသည်။
ဗိုလ်မှူးချုပ်မြတ်သက်ဦးသည် ဖေဖော်ဝါရီလအတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရသူဖြစ်ပြီး ယခင်က ပဲခူးအခြေစိုက် တပ်မ ၇၇ တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
သူသည် ကချင်ပြည်နယ်အတွင်းရှိ ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ဥပဒေမဲ့ ဖမ်းဆီးထောင်ချရာတွင် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည်။
ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကိုဗစ် ၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁၈၉ ဦးရှိပြီး မြစ်ကြီးနားတွင် ရောဂါကူးစက်ခံရသူ (၈၅) ဦးရှိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

– မ.ပ.ခ တိုင်းမှူး မေလအတွင်း မြစ်ကြီးနားမြို့ စစ်ဆေးရုံတွင် ကြည့်ရှုစစ်ဆေးစဉ် (Photo – CINCDS)

သင့်ထင်မြင်ချက်ရေးပေးပါ