ဟိုပင်2

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ သဲဂုဏ်ကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ ၄ ရက်နေ့ ည ရှစ်နာရီခန့်က စစ်ကောင်စီ အယောက်သုံးဆယ်ကျော်သည် ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ဝင်ရောက်ကာ သံဃာများကို ရိုက်နှက်ကာ ကျောင်းတိုက်အတွင်းရှိပစ္စည်းများကို ဖျက်ဆီးသွားသည်ဟု သိရသည်။

ဟိုပင် သဲဂုဏ်ကျေးရွာရှိ ပုညခေတ္တကျောင်းတိုက်တွင် လက်နက်များဖွက်ထားသည်ဟု သတင်းပေးပို့မှုကြောင့် ဝင်ရောက်စစ်ဆေးပြီး ဘုန်းကြီးများကို လာရောက် နှိပ်စက်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဖမ်းတော့မဖမ်းသွားဘူး။ အရင်က သေနတ်တွေကျောင်းမှာ ဖွက်ထားတယ်ဆိုလို့ မကျေနပ်လို့ လာရိုက်သွားတာ။ ဘုန်းကြီးအကုန်လုံးကို ကြိုးတုတ်ထားတာတဲ့။ ကျောင်းထိုင်ကိုကျင်စက်နဲ့ တို့ တုတ်နဲ့ ရိုက်နှက်ပြီး စစ်ဆေးတယ်တဲ့။ တီဗီတွေရော ဗီဒိုတွေရော အကုန်ပေါက်ခွဲသွားတယ်တဲ့” ဟု သူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက မဲမဲမြင်ရင်ပစ်ဆိုပြီး အော်ဟစ်နေသောကြောင့် ဒေသခံပြည်သူများက အပြင်မထွက်ရဲပဲ မီးများပိတ်၍သာ နေနေရကြောင်း သူကဆက်ပြောသည်။
ကျောင်းထိုင်ဘုန်းကြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်နှိပ်စက်ခံရသောကြောင့် ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက်တွင် ထွက်ပြေးသွားပြီဖြစ်ကြောင်း သိရသည်။

ဟိုပင်မြို့တွင် လွန်ခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ညတွင်လည်း စစ်ကောင်စီတပ်၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ခြေနှစ်ဖက်လုံးတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ