စစ်ကိုင်းတိုင်းမှ ပြန်လာသူ ကိုးဦးမှ ခြောက်ဦးတွင် ကိုဗစ် ၁၉ ပိုးတွေ့

စစ်ကိုင်းတိုင်း ဗန်မောက်မြို့မှ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်တော်ကြီးဒေသတို့ပြန်လာသူထဲက ခြောက်ဦးတွင် ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့၌ ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

ပိုးတွေ့ လူနာ ခြောက်ဦးသည် မိုင်းနောင်ကျေးရွာနှင့် မမုန်ကိုင်ကျေးရွာတို့မှ ဖြစ်ပြီး ခရီးမှ အပြန် ကွာရန်တင်းဝင်ချိန် ပိုးစစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ရွှေလုပ်တဲ့ လောပန်းတွေဆိုတော့ ကိုယ်ပိုင်ကားတွေနဲ့ အောက်ပိုင်းကို ရွှေလုပ်ဖို့အတွက် ဘတ်ဖိုး သွားဝယ်တာတဲ့။ မမုန်ကိုင်က အုပ်ချုပ်ရေးမှူးလည်းပါတယ်ပြောတယ်။ အဲ့ဒါပြန်လာတာနဲ့ ကွာရန်တင်း တစ်ခါတည်း ဝင်ခိုင်းပြီး အနံ့နဲ့ အရသာပျောက်လို့ ဇူလိုင် ၂ ရက်နေ့က ဆရာဝန်နဲ့ စစ်ကြည့်တော့ ကိုဗစ်ပိုးတွေ့တာ” ဟုသူကပြောသည်။
လက်ရှိတွင် မိုင်းနောင် ဗိုလ်တဲကုန်း မူလတန်းကျောင်းတွင် ထားရှိ၍ ပိုးတွေ့သူများအား ကုသပေးလျက်ရှိပြီး ကျန်သုံးဦးကိုလည်း ဆက်လက် စောင့်ကြည့်နေသည်ဟု သူကဆက်ပြောသည်။
မိသားစုဝင်များနှင့် နေအိမ်များကိုလည်း အသွားအလာကန့်သတ်ထားသည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၄၄ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ