lockdown ချထားသောအိမ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် lockdown ချထားသည့်အိမ်မှ သုံးနှစ်ခွဲအရွယ် ကလေးအပါအဝင် တစ်အိမ်သားလုံးတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

စီတာပူရပ်ကွက် အိမ်အမှတ် KR ၁၂၄ တွင် ဇွန်လ ၂၉ ရက်နေ့က ကိုဗစ်ပိုးတွေ့သည့် အမျိုးသားတစ်ဦး၏ နေအိမ်မှ မိသားစုဝင်များအားလုံး ကိုဗစ် ၁၉ ပိုးတွေ့ထပ်မံ တွေ့ရှိခဲ့သည်ဟု ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
“lock down ချထားတဲ့ အိမ်ကပဲ ဇူလိုင် ၁ ရက်နေ့မှာလည်း မိန်းကလေး ၂ ယောက် ပိုးတွေ့လို့ ခေါ်သွားတယ်။ ဒီနေ့လည်း အဲ့အိမ်က ကျန်နေတဲ့ ၃ ယောက်ကို ကိုဗစ်တွေ့လို့ဆိုပြီး လာခေါ်သွားပြီ။ တစ်အိမ်လုံး ကိုဗစ်တွေ့တာ ဒီနေ့တော့ ကလေး ၃ နှစ်ခွဲအရွယ်တောင်ပါသွားတယ်” ဟုပြောသည်။
ထိုအိမ်မှ ဇူလိုင် ၁ ရက်နေ့၌ ကိုဗစ်၁၉ ပိုးတွေ့သည့် အမျိုးသမီး တစ်ဦးသည် အိမ်ဌားနေ၍ သင်တန်းဖွင့်ထားကာ အိမ်ပတ်ဝန်းကျင်မှ ကလေးများလည်း သင်တန်းတတ်ရောက်နေသူများရှိကြောင်း သူက ဆက်ပြောသည်။
မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်၌ ရှိသည့် Wun tawp (ဝန်တောပ့်) ဟိုတယ်တွင် တည်းခိုသည့် အမျိုးသား ၂ဦး ကိုဗစ်ပိုးတွေ့သောကြောင်း ယနေ့ဇူလိုင် ၃ရက်နေ့မှ ဟိုတယ်အား ကျန်းမာရေးဌာနမှ လာရောက်၍ Lockdown ချလိုက်သည်ဟု ဟိုတယ် မန်နေဂျာထံမှ သိရသည်။
ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ယနေ ဇူလိုင် ၃ ရက်နေ့ထိကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၂၁ ဦးဖြစ်ပြီး ၆၅ ဦးမှာ မြစ်ကြီးနားမြို့မှ ဖြစ်သည်။
– ပိုးတွေ့ရှိသည့် အိမ်ကို ဇူလိုင်လ ၁ ရက်နေ့က ရိုက်ကူးထားသောပုံဖြစ်သည်။

Edit: ပိုးတွေ့လူနာတွင် အသက် သုံးနှစ်ခွဲအရွယ် ကလေးသူငယ်မပါဝင်ပါ။

သင့်ထင်မြင်ချက်ရေးပေးပါ