ဗန်းမော်ဆိပ်ကမ်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ယနေ့ ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲခန့်၌ ရွှေဗန်းမော်ဆိပ်ကမ်းရှိ ဖဲဝိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်၍ ဝင်ရောက်ဖမ်းဆီးရာ ပြည်သူတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။

ရဲများသည် ဆိပ်ကမ်း၏ ရေကာတာ၌ ရှိနေကြသည့် ဆေးသမားများအား ဝင်ရောက်ဖမ်းစီးရာမှ အနီးရှိ ဖဲဝိုင်းအား သေနတ်ပစ်ဖောက်၍ ဖမ်းစီးသောကြောင့် အမျိုးသားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။
“ဖဲဝိုင်းက အပျော်ပေါ့ တစ်နေ့လုပ်တစ်နေ့စားတွေလေ တစ်ထောင်ကြေးတို့ ဘာတို့တော့ရှိမှာပေါ့။ သေနတ်က ၅ ချက်လောက်ပစ်တယ်။ ရဲတစ်ယောက်က အပေါ်ကို ထောင်ပစ်တယ်။ တစ်ယောက်က ချိန်ပစ်တယ်။ သုံးဘီးကို တစ်ချက်မှန်တယ်။ အဲ့ဦးလေးကို ၂ ချက်မှန်တယ်။ ဗိုက်ပွင့်သွားတယ်” ဟုပြောသည်။
ဗိုက်ထိသည့် အမျိုးသားသည် ခွန်သာရပ်ကွက်၌ နေထိုင်သည့် အသက် ၅၀ အရွယ်ရှိသည့် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သူကဆက်ပြောသည်။

ရွှေဗန်းမော်ဆိပ်ကမ်းရှိ ဆေးသမားများအား ရဲကား ၂ စီး၊ ရဲအင်အား ၆၀ ဖြင့် ဝင်ရောက်ဖမ်းဆီး ခြင်းဖြစ်ပြီး ဗိုက်ထိသည့် အမျိုးသားအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သယ်ဆောင်သွားကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ