မြစ်ကြီးနားမြို့နယ် ၂၁ မိုင်စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက် ၅နာရီဝန်းကျင်အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရဲတပ်သားတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရကာ တစ်ဦးပျောက်ဆုံးနေကြောင်း ခိုင်မာသော သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။

ဒဏ်ရာရရှိသည့် ရဲအရာရှိသည် မြစ်ကြီးနားခရိုင်ရဲမှူး၏ ကိုယ်ရေးအရာရှိ (PSO) ဖြစ်ပြီး ပေါင်တွင် ကျည်ထိမှန်ခဲ့ပြီး နောက်ထပ် ရဲတပ်သားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်ကဆိုသည်။
“မနက် ၅နာရီလောက်က ဖြစ်တာ ရဲတပ်သားတစ်ယောက်သေတယ်၊ တစ်ယောက်ပျောက်နေတယ်၊ သေသွားတဲ့ ရဲကိုတော့ စစ်ဆေးရုံသယ်သွားပြီ။ ခရိုင်ရဲမှူးရဲ့ PSO ရဲအုပ်တစ်ယောက်ပေါင်မှာ ကျည်မှန်တယ် နောက်ရဲတပ်သားတစ်ယောက်လည်း ထိတယ်” ဟု ဆိုသည်။
ပစ်ခတ်မှုကြောင့် ရဲတပ်သားတစ်ဦးသေဆုံးခဲ့သည့်အပြင် ပစ်ခတ်မှု ဖြစ်ပွားရာအနီးရှိ ထမင်းဆိုင်မှ အညာသားဆိုသော အရပ်သားတစ်ဦးလည်း သေဆုံးခဲ့သည်ဟု သူက ဆက်ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း လက်ရှိ၂၁ မိုင် ဂိတ်တွင်ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးက The 74 Media ကိုပြောသည်။
“အခုဘာမှ သွားမရဘူး စစ်တပ်က ဂိတ်ပိတ်ထားတယ် ဘာမှဖြတ်မရဘူး ဆိုင်ကယ်လည်း ဖြတ်လို့မရဘူး” ဟုသူကပြောသည်။
ပစ်ခတ်မှုကြောင့် ၂၁ မိုင်စစ်ဆေးရေးဂိတ်တဲစခန်း မီးလောင်သွားကြောင်းလည်း အခြားမျက်မြင်တစ်ဦးက The 74 Media ကိုပြောသည်။
မြစ်ကြီးနားမြို့ ဗလမင်းထင်တံတား စုပေါင်းဂိတ်တွင် ဇွန်လ ၂၃ ရက်နေ့ ညအချိန်က KIA အဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

PHOTO : CJ

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *